ရန်ကုန် ၊ ဇူလိုင် ၁၈ ။ ။ ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့ အဝင်အထွက်လမ်းများအား ပိတ်ဆို့ထားပြီး ယာဉ်သွားလာမှုများ ရပ်ဆိုင်းထားသည်ဟု ကွတ်ခိုင်မြို့ ပရဟိတအသင်း တစ်သင်းဖြစ်သည့် ဗြဟ္မာစိုရ် နှလုံးသား အသင်းမှ တာဝန်ရှိသူ တစ်ဦးက မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။
“အခုလက်ရှိအခြေအနေကတော့ ကျီးလန့်စာစားပဲ။ မူဆယ်ဘက်ကို သွားတဲ့လမ်း တိုးဂိတ်မှာလည်း ပိတ်ထားတယ်။ TNLA အဖွဲ့တွေက လမ်းတွေမှာ အတားအဆီးတွေ ချပြီး ပိတ်ထားတယ်” ဟု ၎င်း ကဆိုသည်။
သြဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီမှ ၁၁ နာရီ ဝန်းကျင်အထိ မြို့ပတ်ဝန်းကျင်၌ ပစ်ခတ်သံများ ကြားနေရသော်လည်း လက်ရှိ နေ့လည် ၁ နာရီဝန်းကျင်ခန့်တွင် ပစ်ခတ်သံများ ရပ်သွားသည်ဟု ဒေသခံများက ဆိုသည်။
နမ့်ဖက်ကာတွင်လည်း ကုန်တင်ကားတစ်စင်း ပစ်ခတ်ခံခဲ့ရပြီး ကွတ်ခိုင်မြို့တွင် ကုန်တင်ကားများ နှင့် ခရီးသည်တင် ယာဉ်ငယ်အချို့တွေ ပိတ်မိနေဆဲဖြစ်သည်။
“မနေ့က လမ်းလုပ်သားတွေရယ် ၊ ရွာက သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေ အယောက်သုံးရာလောက်ကို မြို့ထဲကိုသယ်လာရတယ်” ဟု ကွတ်ခိုင်မြို့ ဗြဟ္မာစိုရ် နှလုံးသား အသင်းမှ တာဝန်ခံ က ဆိုသည်။
သြဂုတ် ၁၅ ရက်နေ့က မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့( TNLA၊ AA၊ MNDAA ) တို့မှ မန္တလေး တိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာ တက္ကသိုလ်၊ နောင်ချိုမြို့သို့ အထွက် ပြင်ဦးလွင် တိုးဂိတ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်း ရဲစခန်း၊ ကျောက်မဲမြို့သို့ အထွက် နောင်ချို တိုးဂိတ်၊ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်နှင့် နယ်မြေခံ တပ်ရင်းဌာနချုပ် တစ်ခုတို့ တိုက်ခိုက် ခဲ့ပြီးနောက် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာနေခြင်းဖြစ်သည်။
အဆိုပါတိုက်ပွဲများမှာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များရှိရာနယ်မြေများသို့ တပ်မတော်ဘက်မှ ထိုးစစ်များ ဆက်တိုက်ပြုလုပ်လာ၍ တန်ပြန်တိုက်ခိုက်ရခြင်းဟုလည်း TNLA၊ AA၊ MNDAA တို့ဘက်မှပြောဆိုထားသည်။
ယမန်နေ့ သြဂုတ် ၁၇ ရက်နေ့ နံနက်ပိုင်းတွင်လည်း ရှမ်းပြည်မြောက်ပိုင်း လားရှိုး ၊ ကွတ်ခိုင် ၊ သိန္နီ မြို့ အနီး ပြည်ထောင်စုလမ်းမကြီးပေါ်၌ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး တံတားအချို့လည်း မိုင်းခွဲ ဖျက်ဆီးခံထားရသည်။
တိုက်ပွဲများကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုများ ရှိနေခဲ့လို စစ်ဘေးတိမ်းရှောင်နေရသည့် သူများလည်း ရှိနေခဲ့သည်။