ရန်ကုန်၊ သြဂုတ် ၇ ။ ။ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလတံတားစီမံကိန်းအတွက် ရန်ကုန်ဘက်ခြမ်းစတင်တည်ဆောက်မည့် သြဂုတ်လ ၁၁ ရက်နေ့မှ စတင်ကာ ယာဉ်လိုင်း ၆ ခုလမ်းကြောင်း လွှဲကာပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး၊ ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှသိရသည်။
လမ်းလွှဲပြေးဆွဲမည့် ယာဉ်လိုင်းများမှာ ကမ္ဘာအေးဘက်အခြမ်းပြေးဆွဲသည့် လေဆိပ်YBS, YBS 21, YBS 35, YBS 37, YBS 39 နှင့် YBS 78 တို့ဖြစ်ကြောင်း YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကပြောသည်။
“ပြည်သူလူထုရဲ့သွားလာမှုကို အလွန်အမင်းကျွန်တော်တို့က ထိခိုက်မှုမရှိအောင်လမ်းကြောင်းကို ရှောင်တိမ်းပြီးသွားမယ့် သဘောပဲ လုပ်ထားပါတယ်” ဟု ၎င်းကဆိုသည်။
အလားတူ လမ်းကြောင်းများစတင်ပြောင်းလဲမည့် သြဂုတ်လ ၁၁ ရက်နေ့တွင် မှတ်တိုင်များဆီသို့ လှည့်ကင်း ယာဉ်များနှင့် ဝန်ထမ်းများ ပို့လွှတ်၍ အသိပေးခြင်း၊ ယာဉ်လိုင်းများလမ်းကြောင်း မှန်မမှန်ကြီးကြပ်ခြင်း တို့ကိုဆောင်ရွက်သွားမည်ဟုလည်း ဦးလှအောင်က ပြောသည်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိမည့် ဘုန်းကြီးလမ်းတစ်လျှောက်အစား မဟာဗန္ဒုလလမ်း၊ အနော်ရထာလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် ကမ်းနားလမ်း တစ်လျှောက်တို့ကို အဓိကထား လမ်းလွှဲပြောင်းလဲ သုံးစွဲသွား မည်ဟုလည်း YRTA မှသိရသည်။
“ဒုတိယတစ်ဆင့်က ဒီကာလအတွင်းမှာ ကျွန်တော်တို့လမ်းကြောင်းလေ့လာမှုတွေ ပြည်သူလူထုရဲ့ သွားလာ မှုတွေကို ဆန်းစစ်ပြီးတော့ လမ်းကြောင်း ပြောင်းလဲပြေးဆွဲခြင်းကို ဒုတိယအဆင့် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟုလည်း YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင် ကပြောသည်။
ရန်ကုန်- ဒလ တံတားစီမံကိန်းကြောင့် ဘုန်းကြီးလမ်းကို ဩဂုတ် ၁ ရက်မှ ၂၀၂၀ အောက် တိုဘာအထိ ၁၅ လ ပိတ်ထားမည်ဟု အစိုးရက ကြေညာထားသည်။
ဒေါ်လာ ၁၈၈ သန်းကျော် တန်ဖိုးရှိသော အဆိုပါ ရန်ကုန်-ဒလတံတား စတင်နိုင်ရေး ပန္နက်တင်အခမ်းအနားကို ၂၀၁၈ ဒီဇင်ဘာ ၂၄ ရက် က ဒလမြို့၌ ပြုလုပ်ခဲ့သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တက် ရောက်ခဲ့သော အဆိုပါတံတားစီမံကိန်းသည် ၂၀၂၁ နှစ်ကုန်ပိုင်း တွင် အပြီးတည်ဆောက်နိုင်ရန် ရည်မှန်းထားပြီး ၂၀၂၂ ၌ တံတားကို ဖြတ်သန်းသွားလာနိုင်ရမည်ဟုလည်း အစိုးရမှခန့်မှန်းထားသည်။