မြန်မာနိုင်ငံတွင် ONE Championship ၏ မိတ်ဆက်ပေးမှုကြောင့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား ရေပန်းစားလာခဲ့သည်မှာ ကာလအားဖြင့် ၃ - ၄ နှစ်ခန့်သာ ရှိသေးသော်လည်း လူကြီး၊ လူငယ်၊ ကျား၊ မ မရွေး အားပေးသည့် အားကစားနည်း တစ်ခု ဖြစ်လာခဲ့သည်။ ကိုယ်ခံပညာ အားကစားလောကမှ ကစားသမားများဆိုလျှင် ONE Championship ကို အားပေးရုံသာမက ပြိုင်ပွဲဝင် တစ်ဦးအဖြစ်ပါ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် မျှော်မှန်းလာကြသည်။ ယင်းသို့ မျှော်မှန်းကြသူများထဲတွင် Team PT ကလပ်မှ ကရင် အမျိုးသမီး အားကစားသမား နော်အဲအဲလည်း တစ်ယောက် အပါအဝင် ဖြစ်သည်။
“ညီမက ONE Championship ဝင်ပြိုင်ဖို့ အတွက် ကိုကြီးဖိုးသော်ရဲ့ကလပ်မှာ ကစားသမားလည်း လုပ်တယ်။ နည်းပြလည်း လုပ်တယ်။ တစ်ဘက်တစ်လမ်းကနေလည်း အလုပ်တစ်ဖက်နဲ့ လေ့ကျင့်နေတယ်။ ONE Championship ဝင်ပြိုင်နိုင်ဖို့ ကိုယ့်ဘက်က အစွမ်းကုန် ကြိုးစားနေတယ်”ဟု အဲအဲက ဖွင့်ဟပြောကြား လာခဲ့သည်။
အသက် ၂၅ နှစ်ရှိသူ အဲအဲသည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ဇာတိဖြစ်ပြီး ငယ်စဉ်ကတည်းက ဂျူဒို အားကစားကို လေ့လာ သင်ယူခဲ့ဖူးသူ ဖြစ်သည်။ ပြည်နယ်လက်ရွေးစင် ဂျူဒိုကစားသမားဘဝဖြင့် တိုင်းနှင့်ပြည်နယ် ပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး ဆုတံဆိပ်များလည်း ရရှိခဲ့သည်။ အဲအဲသည် ၂ဝ၁၃ ခုနှစ်တွင် ရိုးရာလက်ဝှေ့ လောကသို့ စတင်ဝင်ရောက်ခဲ့ကာ ပွဲပေါင်း ၉ ပွဲ ယှဉ်ပြိုင်ခဲ့ပြီး ၄ ပွဲနိုင်၊ ၁ ပွဲရှုံး၊ ၄ ပွဲသရေ ရလဒ် ရရှိခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံကို ကိုယ်စားပြုကာ ကိုရီးယား နပမ်းပြိုင်ပွဲ သွားရောက် ယှဉ်ပြိုင်ခဲ့ဖူးပြီး ကမ္ဘာ့နိုင်ငံ ပေါင်းစုံမှ ပြိုင်ပွဲဝင်များ ပါဝင်ခဲ့သည့် ယင်းပြိုင်ပွဲကြီးတွင် ၎င်း၏ ဝိတ်တန်း၌ တတိယကြေးတံဆိပ်ဆု ရရှိခဲ့သည်။
“ညီမက ကိုယ်ခံပညာ သိုင်းပေါင်းစုံကို ကစားချင်တာ ကြာပါပြီ။ အဆက်အသွယ်လည်း မရှိတာနဲ့ မဆော့ဖြစ်တာ။ ၂ဝ၁၇ တုန်းကတော့ ဆော့မယ် လုပ်ပြီးမှ ကိုရီးယားမှာ ပညာသင်ဖို့အတွက် ငါးလသွားနေလိုက်ရလို့ အဆက်အသွယ် ပြတ်သွားတယ်။ ပြန်လာတော့ ညီမက ကိုယ်ကာလ လေ့ကျင့်ရေးရုံမှာ နည်းပြလုပ်တယ်။ Kickboxing တွေ မွေထိုင်းတွေ သင်တယ်။
အဲဒီအချိန်မှာ ကိုအောင်လအန်ဆန် ပွဲတွေ ရန်ကုန်မှာ လာလုပ်တော့ကြည့်ပြီး စိတ်အား ထက်သန်လာတယ်။ အဲဒီမှာ ကိုဖိုးသော်နဲ့ Facebook မှာ သူငယ်ချင်း ဖြစ်ပြီး တစ်ဆင့်တစ်ဆင့် စကားပြောရင်းက သူ့ရဲ့အဖွဲ့နဲ့ ပူးပေါင်းဖြစ်သွားတာပါ”ဟု အဲအဲက Team PT သို့ ရောက်ရှိခဲ့ပုံကို ပြောပြခဲ့သည်။
Team PT သည် ONE Championship ၏ ဖယ်သာဝိတ်တန်း ကစားသမား တစ်ဦးဖြစ်သည့် “ဘူရှီဒို” ဖိုးသော် ဦးဆောင် တည်ထောင် ထားသော အားကစားရုံ ဖြစ်ပြီး နောက်ထပ် ONE Championship ကစားသမား တစ်ဦးဖြစ်သော Chan Rothana၊ ONE Warrior Series မှ စိုင်းဉာဏ်လင်း၊ Pancrase ပြိုင်ပွဲမှ Shunichi Shimizu၊ ရုရှား လက်ဝှေ့သမား Mike Vetrila နှင့် မြန်မာ့ လက်ဝှေ့သမား ကိုကိုအောင်တို့ဖြင့် ပါဝင်ဖွဲ့စည်းထားသည်။ အဆိုပါ အားကစားရုံတွင် အဲအဲက ကစားသမား တစ်ဦး အဖြစ်ရော၊ ကိုယ်ကာယ ကြံ့ခိုင်ရေး နည်းပြ အနေနှင့်ပါ ပါဝင်နေခြင်း ဖြစ်သည်။
“ဒီမှာက မိန်းကလေးဆိုလို့ ညီမတစ်ယောက်ပဲ ရှိတယ်လေ။ ကျန်တဲ့သူတွေ အကုန်လုံးက ကိုယ်နဲ့ ဝိတ်တန်း မတူတဲ့သူတွေ၊ ကိုယ့်ထက် ကြီးတဲ့ သူတွေနဲ့ပဲ လေ့ကျင့်ရတယ်။ ပညာလည်း ရတယ်။ ကြိုးလည်း ကြိုးစားရတယ်။ ပွဲတွေ ဘာတွေ ထိုးရင်လည်း ကိုယ့်ကို စိတ်အားထက်သန်အောင် ကူညီပေးတယ်”ဟု အဲအဲက Team PT တွင် လေ့ကျင့်ရသည့် အနေအထားကို ပြောပြခဲ့သည်။
အဲအဲသည် ငယ်စဉ်က ကျောင်းပညာကို တက္ကသိုလ်ဝင်တန်း အထိသာ သင်ယူခဲ့ဖူးသော်လည်း ကိုယ်ခံပညာကို ဂျူဒိုနှင့် ကိုရီးယား နပမ်းအပြင် မြန်မာ့သိုင်း၊ အင်ဒိုနီးရှား ရိုးရာသိုင်း၊ မွေထိုင်း၊ Kickboxing စသည့် အားကစားနည်း များကိုပါ သင်ယူခဲ့ဖူးသူ ဖြစ်သည်။ ထို့ကြောင့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ လောကထဲသို့ ဝင်ရောက်ရန် အတွက် လိုအပ်သည့် အတတ်ပညာများကို ဘဝတစ်လျှောက်လုံး သင်ယူ ဆည်းပူးနေသကဲ့သို့ ဖြစ်နေသည်။
“မတ်တပ်ရပ် တိုက်ခိုက်တာနဲ့ ပတ်သက်ပြီးတော့ ဘာမှ သိပ်အများကြီး ထပ်မသင်ရပါဘူး။ ကိုယ်က ဆော့ခဲ့ဖူးတော့ အခံကရှိတယ်။ ကိုယ်တတ်ပြီးသား ပညာတစ်ခုကို အမြဲလေ့ကျင့် နေတာတော့ ကိုယ့်အတွက် ကောင်းတာပေါ့။ ပိုပြီး လေ့ကျင့်ရမှာ ကတော့ မြေပြင် ချုပ်ကွက်ပိုင်းကို လေ့လာရတယ်။ ONE Championship မှ မဟုတ်ပါဘူး။ ကိုယ်ခံပညာ သိုင်းပေါင်းစုံနဲ့ ပတ်သက်လို့ ဘာပွဲပဲ ဆော့ရ ဆော့ရပါ။ ကိုယ့်အရည်အချင်း ကိုယ့်အတွေ့အကြုံအရ ဘယ်လိုပွဲ ထိုးရမယ် မသိဘူးလေ။ ONE ကိုတော့ ပိုဆော့ချင်တာပေါ့”ဟု အဲအဲက ပြောပြခဲ့သည်။
လက်ရှိတွင် ONE Championship နှင့် ONE Warrior Series တို့တွင် ကစားနေသည့် အသင်းဖော်များကို ကြည့်ပြီး အားကျမိကြောင်း၊ အခွင့်အရေးရလျှင် ၎င်းတို့ကဲ့သို့ ယှဉ်ပြိုင်လိုပြီး မိမိတွင် လုံလောက်သည့် အရည်အချင်း ရှိနေစေရန် အပြင်းအထန် လေ့ကျင့် နေကြောင်း၊ ယင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရပါက ပွဲဦးထွက်ပွဲကို အနိုင်ယူပြီး ပရိသတ်ရော၊ ဒိုင်များကပါ သဘောကျသည့် ကစားသမားကောင်း တစ်ယောက် ဖြစ်လိုကြောင်း အဲအဲက ဆက်လက် ပြောကြားခဲ့သည်။
“ကိုဖိုးသော်နဲ့ ကိုစိုင်းဉာဏ်လင်းကို ကြည့်ပြီး ကိုယ်ကိုယ်တိုင်လည်း သူတို့ ဆော့သလို ဆော့ချင်တယ်။ သူတို့ ပြိုင်ပွဲဝင်သလို ဝင်ချင်တယ်။ ONE Championship က မြန်မာနိုင်ငံမှာ လူသိများတယ်လေ။ ပရိသတ်တွေ ပိုအားပေးတယ်။ တခြား ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပွဲတွေလည်း ရှိပေမယ့် အဲဒါတွေကို အတွေ့အကြုံ အတွက်ပဲ ဆော့ချင်တယ်။ ONE Championship မှာပဲ ဆော့ဖို့ စိတ်အား ပိုပြီး ထက်သန်ပါတယ်”ဟု အဲအဲက ဖွင့်ဟပြောကြား ခဲ့သည်။