မစိမ့်ထက် သေဆုံးသည့်အမှုတွင် တရားလိုပြသက်သေ ခြောက်ဦး စစ်ဆေးပြီးစီး

မစိမ့်ထက် သေဆုံးသည့်အမှုတွင် တရားလိုပြသက်သေ ခြောက်ဦး စစ်ဆေးပြီးစီး
ဓာတ်ပုံ-စိမ့်ထက်

ရန်ကုန်၊ ဇူလိုင် ၃၀ ။           ။ ဖန်ဂရန်ရာဇီရေခဲတောင်ပေါ်မှ မစိမ့်ထက် ပြုတ်ကျသေဆုံးခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဇူလိုင် ၁၃ ရက်နေ့မှ ဇူလိုင် ၂၅ ရက်နေ့ အထိ ရုံးချိန်းများတွင် တရားလိုပြသက်သေ ခြောက်ဦးကို ပူတာအို မြို့နယ်တရားရုံးတွင် စစ်ဆေးပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါသေဆုံးမှုကို မစိမ့်ထက်၏ ဖခင် ဦးမောင်မောင်လေးက တရားလိုပြုလုပ် တရားစွဲခဲ့ခြင်းဖြစ်ပြီး တရားလိုပြသက်သေ ခြောက်ဦးအထိ စစ်ဆေးပြီးစီးခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော် ပါမယ် ၊ ဦးသိန်းဟန် တို့ကို စစ်ဆေးတာပါ။ ပြီးခဲ့တဲ့လက စခန်းမှာ အစစ်ခံရတာပေါ့ ၊ အခုက ရုံးမှာ ပထမဆုံးအကြိမ်ပါပဲ။ စစ်ဆေးခံရပါတယ်။ အစိုးရ သက်သေ ငါးယောက်ပေါ့ ၊ ရာဇသတ်ကြီးပေါ့ ။ ၆၀/၂၀၁၉ နဲ့ ၃၀၄ (က) နှစ်ခု နဲ့ အဖွဲ့ခေါင်းဆောင် နဲ့ ဒုတိယခေါင်းဆောင် နှစ်ယောက်ကို စွဲဆိုထားတာပါ” ဟု သေဆုံးသူ မစိမ့်ထက်၏ ဖခင် ဦးမောင်မောင်လေးက ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၂ ရက်နေ့က အဖွဲ့ဝင် ၂၀ ပါ The Summiter တောင်တက်အဖွဲ့သည် ဖုန်ကန်ရာဇီ ရေခဲတောင်ထိပ်ကို အောင်အောင်မြင်မြင် တက်ရောက်ခဲ့ပြီး တောင်ပေါ်မှ ပြန်အဆင်းတွင် မစိမ့်ထက်ဆိုသူ အမျိုးသမီးက ခြေချော်ကာ ပြုတ်ကျသွားခဲ့ခြင်း ဖြစ်သည်။

မေ ၂၅ ရက်နေ့က ရေခဲလွတ်ရာနေရာတစ်နေရာတွင် မစိမ့်ထက်ရုပ်အလောင်းကို ကူညီရှာဖွေရေးအဖွဲ့မှ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ပူတာအိုတွင် မေလ ၃၀ ရက်နေ့ မွန်းလွဲပိုင်း အချိန်တွင်  မီးသင်္ဂြိုဟ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တောင်ပေါ်တက်ရာတွင် ပစ္စည်းကိရိယာအစုံအလင်နှင့် တောင်တက်ကြိုးအသုံးပြု တက်ရောက်သင့် ကြောင်း ၊ ဌာနဆိုင်ရာများကို ပြောသွားပါက ယခုလို လူမသိ၊သူမသိ ဒုက္ခမရောက်နိုင်ကြောင်း၊ စစ်ဆေးပြီး ခွင့်ပြုမည်ဆိုပါက မစိမ့်ထက် ဒီလိုမျိုး ဖြစ်မည်မဟုတ်ကြောင်း ဖခင်ဖြစ်သူက ပြောဆိုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly