ရန်ကုန်၊ ဇူလိုင် ၂၅ ။ ။ အိန္ဒိယမှ စရိတ်နည်းလေကြောင်းလိုင်း IndiGo လေကြောင်းလိုင်းသည် ရန်ကုန်နှင့်ကိုလ်ကတ္တားမြို့သို့ လာမည့် စက်တင်ဘာ ၂၀ ရက်မှစတင်ပြီး တိုက်ရိုက်ပြေးဆွဲသွားမည် ဖြစ်သည်။
ခရီးစဉ်တစ်ကြောင်းလျှင် ရူပီး ၅၉၉၉ မှ စတင်မည်ဖြစ်ပြီး ယင်းလေကြောင်းလိုင်း၏ ၁၈ ခုမြောက် ပြည်ပခရီးစဉ် ဖြစ်သည်ဟု လေကြောင်းလိုင်းဘက်မှ ကြေညာထားသည်။
လေယာဉ်ခရီးစဉ်မှာ နေ့စဉ် နံနက် ၁၁ နာရီခွဲတွင် ကိုလ်ကတ္တားမြို့မှ ထွက်ခွာပြီး ရန်ကုန်သို့ မွန်းလွဲ ၂ နာရီခွဲ တွင် ဆိုက်ရောက်မည်ဖြစ်ကာ ညနေ ၃ နာရီခွဲတွင် ရန်ကုန်မှ ထွက်ခွာပြီး ညနေ ၄ နာရီခွဲတွင် ကိုလ်ကတ္တားမြို့ သို့ ဆိုက်ရောက်မည် ဖြစ်သည်။
ဗုဒ္ဓဂါယာသို့ ရန်ကုန်မှ တိုက်ရိုက်ပြေးဆွဲမှုများ ရှိလာပြီးနောက် ယင်းသို့ မြန်မာနှင့်အိန္ဒိယအကြား ထပ်မံ တိုးချဲ့ ပြေးဆွဲမှုများ ရှိလာခြင်း ဖြစ်သည်။
လက်ရှိတွင် ရန်ကုန်နှင့်အိန္ဒိယသို့ Myanmar Airways International ၊ Air India ၊ Air Asia တို့ တိုက်ရိုက် ပြေးဆွဲနေပြီး Thai smile ၊ Biman Bangladesh Airlines ၊ Emirates လေကြောင်းလိုင်းအပါအဝင် အခြားလေကြောင်းလိုင်းများလည်း ပြေးဆွဲနေသည်။
အိန္ဒိယတစ်ရူပီးလျှင် မြန်မာငွေကျပ်ငွေ ၂၁.၉၄ ကျပ် ပေါက်စျေးရှိနေသောကြောင့် ယင်း IndiGo လေကြောင်းလိုင်း ခရီးစဉ်တစ်ကြောင်းလျှင် မြန်မာငွေ ကျပ်တစ်သိန်းသုံးသောင်းခန့် ကျသင့်မည် ဖြစ်သည်။
လက်ရှိတွင် အခြားလေကြောင်းလိုင်းများမှ ရူပီး ၆၀၀၀ ကျော်မှ ၁၀၀၀၀ ကျော်အထိ လက်မှတ်စျေးနှုန်းများ ရှိနေသောကြောင့် စရိတ်သက်သာသည်ဟု ယူဆနိုင်ဖွယ် ရှိနေသည်။