ရန်ကုန်၊ ဇူလိုင်လ ၂၄ ။ ။ ၂၀၁၉ ခုနှစ်၊ဇန်နဝါရီလ ပထမအပတ်မှ ဇူလိုင်လ ၂၃ ရက်နေ့ အထိ စာရင်းများအရ H1N1ရာသီတုပ်ကွေး ရောဂါကြောင့် သေဆုံးသူ ၇၁ ဦးအထိ ရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇူလိုင်လ ၂၃ ရက်နေ့ ညပိုင်းက ကြေငြာခဲ့သည်။
H1N1 ရာသီတုပ်ကွေးကြောင့် ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ၃ ရက်အတွင်း ရန်ကုန်တိုင်းတွင် သေဆုံးသူ ၅၂ ဦးမှ ၅၆ ဦးအထိ မြန်မြန်ဆန်ဆန် တိုးမြင့်လာကြောင်း စာရင်းများအရ သိရသည်။
- ၆ လ ကျော် အတွင်း H1N1 ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ၆၅ ဦး အထိရှိလာ
- တစ်နိုင်ငံလုံးတွင် H1N1 ကူးစက်ခံရသူ ၁၅၀ ဦးအထိ ရှိလာ
- မကွေးတွင် ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားသူ ၉ ဦးရှိပြီး တစ်ဦးသေဆုံး
ထို့အပြင် တစ်နိုင်ငံလုံးအတိုင်းအတာအရ သေဆုံးသူအရေအတွက်မှာ ၇၁ ဦးအထိ မြင့်တက်လာကြောင်း ဇူလိုင်လ ၁၉ ရက်နေ့စာရင်းများအရ သေဆုံးသူအရေအတွက်မှာ ၆၃ ဦးသာရှိခဲ့သော်လည်း ဇူလိုင်လ ၂၃ရက် နေ့တွင် သေဆုံးသူ ၇၁ဦးအထိရှိလာကြောင့် ၅ရက်တာကာလအတွင်း သေဆုံးသူ ၈ ဦးအထိ ရှိလာခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ၆ လ ကျော်အတွင်း ရာသီတုပ်ကွေး H1N1ရောဂါ သံသယရှိသော လူနာ ၈၅၄ ဦး ကို ဓာတ်ခွဲ စစ်ဆေးခဲ့ရာ H1N1 ရောဂါပိုးတွေရှိသူ ၃၆၇ ဦးရှိခဲ့ပြီး ယင်းအနက် မှာ ၇၁ ဦး သေဆုံးခဲ့ခြင်းလည်း ဖြစ်သည်။
သေဆုံးသူများစာရင်းအရ ရန်ကုန်တိုင်းဒေသကြီးမှာ ၅၆ဦးဖြင့် အများဆုံးဖြစ်နေပြီး ဧရာဝတီတိုင်းဒေသကြီးမှ ၅ ဦး ၊ မွန်ပြည်နယ် နှင့် ပဲခူးတိုင်းမှ ၃ ဦး ၊ စစ်ကိုင်းတိုင်းတွင် ၂ ဦး ၊ ကချင်ပြည်နယ် နှင့်မကွေးတိုင်းတို့တွင် ၁ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။
ရာသီတုပ်ကွေး H1N1ကြောင့် ၂၀၁၇ ခုနှစ်တွင် သေဆုံးသူ ၃၈ ဦးသာရှိခဲ့သော်လည်း ယခုနှစ်တွင် ဇူလိုင်လ တတိယအပတ်အထိ သေဆုံးသူ ၇၁ ဦးအထိတိုးမြင့်လာခြင်းဖြစ်သည်။
ထိုသို့တိုးမြင့်လာသော လူသေဆုံးမှုများကြောင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ရောဂါတားဆီး ကာကွယ်ရေးလုပ်ငန်းများကို အရှိန်မြင့် လုပ်ဆောင်နေကြောင်း သိရသည်။