မြန်မာနှင့်အိန္ဒိယသတင်းများကို  နှစ်နိုင်ငံမီဒီယာများတွင် ပိုမိုမြင်တွေ့လိုဟု အိန္ဒိယသံအမတ်ကြီးဆို

မြန်မာနှင့်အိန္ဒိယသတင်းများကို  နှစ်နိုင်ငံမီဒီယာများတွင် ပိုမိုမြင်တွေ့လိုဟု အိန္ဒိယသံအမတ်ကြီးဆို
ဓာတ်ပုံ - သက်ကို

ရန်ကုန်၊ ဇူလိုင် ၂၁ ။        ။ ဆိုရှယ်မီဒီယာအခန်းကဏ္ဍမှာ သတင်းတုစိန်ခေါ်မှုများ ရှိနေပြီး  နှစ်နိုင်ငံအကြား သတင်းများကို မြန်မာနှင့် အိန္ဒိယမီဒီယာများတွင် ပိုမိုမြင်တွေ့ချင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Shri Saurabh Kumar က ပြောသည်။ 

ဇွန် ၂၉ ရက်နေ့ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော VOA နှင့် Mizzima မီဒီယာတို့ ပူးပေါင်းမိတ်ဆက်မှုအခမ်းအနား တွင် ပြောခဲ့ခြင်း ဖြစ်သည်။ 

မီဒီယာခေတ်ပြောင်း တော်လှန်ရေး ဖြစ်ပေါ်ခဲ့ပြီးနောက် လက်ရှိမှာ ဆိုရှယ်မီဒီယာကို သွားနေကြောင်း အိန္ဒိယသံအမတ်ကြီးက ထည့်သွင်းပြောဆိုခဲ့သည်။

“ ဆိုရှယ်မီဒီယာမှာကျတော့ ဘယ်သတင်းကို ထုတ်လွှင့်သင့်သလဲ။ ထိန်းချုပ်ကန့်သတ်နိုင်တဲ့ လုပ်နိုင်စွမ်းတွေ အများကြီးရှိနေတော့ ဒါ အားသာချက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် လူတွေကဒီအပေါ်မှာ သတင်းတုတွေ ဖြန့်နိုင်တဲ့ စိန်ခေါ်မှုလည်း ခင်ဗျားတို့မှာ ရှိနေပြန်တယ်လေ။ ဒီတော့ ဆိုရှယ်မီဒီယာကို Self regulation လုပ်မလား၊ မလုပ်ဘူးလားဆိုတာဆိုတာကတော့ ဒါ ခုချိန်မှာဆွေးနွေးနေဆဲကိစ္စလို့ မြင်ပါတယ်။ ဆက်ပြီးတော့လည်းဆွေးနွေးမှုတွေ လုပ်ရဦးမှာဖြစ်ပါတယ်။ ဒါ စိန်ခေါ်မှုတစ်ခုပါ” ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက  ပြောသည်။ 

“ ကျွန်တော် ဥပမာတစ်ခုပြောပါမယ်။ နိုင်ငံရဲ့ IT ဗဟိုဌာနဖြစ်တဲ့ အိန္ဒိယတောင်ပိုင်းက Bangalore ဆိုရင်  ပြီးခဲ့တဲ့ နှစ်တွေအတွင်းက  သတင်းတစ်ခု ပျံ့သွားခဲ့တယ်။ ဘာလဲဆိုတော့ ဒီ Bangalore ကိုအလုပ်လုပ်ဖို့ လာမယ့်သူတွေ ပစ်မှတ်ထားခံရနေတယ်ဆိုတဲ့ သတင်းပါ။ ဒါ သတင်းမှားတစ်ခုဖြစ်ပါတယ်။ အဲဒါက နောက်ပိုင်းမှာ ဆိုရှယ်မီဒီယာကနေတဆင့် တောမီးလို ပျံ့သွားခဲ့ပါတယ်။ အဲဒီသတင်းကြောင့် လူတွေ အစုလိုက်၊ အပြုံလိုက် ထွက်ခွာမှုတွေ ဖြစ်စေခဲ့ပါတယ်။ ခင်ဗျားတို့ အိန္ဒိယအရှေ့မြောက်ဘက်ကတစ်ချို့လည်း သိကြမှာပါ။ ဒါကအိန္ဒိယအရှေ့မြောက်ခြမ်းကနေ၊ Bangalore မြို့ကနေလူတွေ အစုလိုက်အပြုံလိုက် ထွက်ခွာမှုဖြစ်ခဲ့ပါတယ်။ ဘာတွေဖြစ်နေတယ် သိရဖို့၊ ဒီအခြေအနေကို တားဆီးဖို့ အစိုးရက ဝင်ရောက် ဆောင်ရွက်ခဲ့ရပါတယ်။ ဒီတော့ အဲဒီလိုစိန်ခေါ်မှုတွေ ကျွန်တော်တို့မှာရှိပါတယ်” ဟု ၎င်းက ဆိုသည်။ 

အဆိုပါသတင်းတုကိစ္စရပ်များနှင့်ပတ်သက်ပါက မီဒီယာများအနေဖြင့် လူအများ သိရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

“ ဒီကိစ္စတွေနဲ့ပတ်သက်လို့ လူတွေ ပိုသိအောင်လို့ ဒါကို သတင်းမီဒီယာပေါ် ရောက်နေရမှာဖြစ်ပါတယ်။ Debate တစ်ခုကိုလည်း လုပ်ဖို့ လိုပါတယ်။ ဒါက ခင်ဗျားနိုင်ငံတွင်းမှာပါ ဒီလို ပြဿနာတွေကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာကို သိဖို့ လိုပြီး၊ ဒါက နေရာတိုင်းမှာ ဖြစ်နေတာပါ။  အစိုးရက ကြားဝင်ဆောင်ရွက်တဲ့ အခါ ဒါက Sensitive ဖြစ်တဲ့ ကိစ္စတွေလို့ ပြောလို့ရပါတယ်”ဟု သူက ဆိုသည်။ 

ထို့ပြင် အိန္ဒိယ၊ မြန်မာသတင်းများကိုလည်း နှစ်နိုင်ငံကြား မီဒီယာများမှာ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြရန် သူက တိုက်တွန်းခဲ့သည်။ 

“ ကျွန်တော် တောင်းဆိုချင်တာတစ်ခုက၊ ကျွန်တော်တို့ မီဒီယာမှာ မြန်မာကနေအရေးကြီးတဲ့ သတင်းတွေ ပိုရှိရင် ကျွန်တော် ပျော်ရွှင်ရမှာပါ။ ဒီအပေါ်မှာ ကျွန်တော် အာရုံစိုက်လို့ မရနိုင်ပါဘူး။ အိန္ဒိယမီဒီယာ၊ မြန်မာမီဒီယာပေါ်မှာASEAN နဲ့ SARC အကြောင်းနဲ့ပတ်သက်လို့ အိန္ဒိယသတင်းတွေ၊ ဒေသတွင်းသတင်းတွေ၊၊ အခြားသတင်းတွေ ပိုမြင်ချင်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက  ပြောခဲ့သည်။ 

လတ်တလောတွင် အိန္ဒိယအစိုးရမှ ရခိုင်တွင် နေအိမ်များ လာရောက်လှူဒါန်း၊ ၃ နှစ်အရွယ် မြန်မာကလေးငယ် လိင်အကြမ်းဖက်ခံရမှု ရန်ကုန်တွင် အပြင်းအထန်ကန့်ကွက်ဆန္ဒပြ အစရှိသည့် သတင်းများကို နှစ်နိုင်ငံမီဒီယာများအကြား သတင်းဖော်ပြမှုများ ရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly