မှားယွင်းနေတဲ့ မဲစာရင်းနဲ့ပဲ မဲပေးကြရတော့မှာလား

မှားယွင်းနေတဲ့ မဲစာရင်းနဲ့ပဲ မဲပေးကြရတော့မှာလား

အခုဆိုရင် မိမိတို့သည် ရွေးကောက်ပွဲကြီးနှင့် တစ်လသာလျင် လိုတော့သည့် အချိန်အတွင်း ရောက်လာကြပြီ ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ပါဝင် ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ၊ ကိုယ်စား လှယ်လောင်များအဖို့ မဲဆွယ်စည်းရုံးရေး အလုပ်များကို အားသွန်ခွန်စိုက် လုပ်နေကြရမည့် အချိန်ဖြစ် သည်။ လုပ်လည်း လုပ်နေကြတာ တွေ့ရပါတယ်။

ရွေးကောက်ပွဲ ပါဝင် အရွေးခံကြရမယ့် ကိုယ်စားလှယ်လောင်းများ အနေနဲ့လည်း အကယ်၍ များ မဲဆန္ဒရှင်များက မဲပေးရွေးချယ်လို့ လွှတ်တော်အသီးသီးရဲ့ ကိုယ်စားလှယ်တော်များ ဖြစ်လာခဲ့ မယ်ဆိုရင် ယင်းတို့အနေဖြင့် တိုင်းပြည်နှင့် လူမျိုးအတွက် မည်ကဲ့သို့သော ကြိုးပမ်းမှုများကို ဆောင်ရွက် ပေးပါမည့်အကြောင်းနှင့် တိုင်းပြည်ရဲ့အနာဂတ်ဆိုင်ရာ လက်တွေ့ကျသော မူဝါဒများကို ချပြနေကြတဲ့ အချိန်ဖြစ်ပါတယ်။

ဒီအချိန်မျိုးမှာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေဥပဒေရပ်များကို ကိုယ်စားလှယ်လောင်းများ တင်မ က မဲရုံတာဝန်ရှိသူများ၊ မဲပေးကြရမယ့် ပြည်သူများအနေနဲ့လည်း လေ့လာ နားလည်ထားကြရမှာ ဖြစ်ပါတယ်။ ဒါမှသာ ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရန် ရှောင်ရန်များကို နားလည်ပြီး လိုရာခရီး ဖြောင့်ကြမှာ ဖြစ်ပါတယ်။

ဒါတွေကတော့ ရွေးကောက်ပွဲဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြရမယ့် မိမိတို့အတွက် မလွဲမသွေ ဆောင်ရွက်ကြရမယ့် ကိစ္စရပ်များ ဖြစ်ပါတယ်။ ဒီနေရာမှာ မိမိတို့ ပြည်သူများအဖို့ မိမိတို့ရဲ့ အခြေခံ တာဝန်ဖြစ်တဲ့ အထက်ပါ ကိစ္စရပ်များကို ဖြည့်ဆည်း ဆောင်ရွက်ကြရမည် မှန်သော်လည်း မိမိတို့ရဲ့ အခြေခံတာဝန် မဟုတ်ဘူးလို့ ပြောရမယ့် မဲစာရင်းစစ်ဆေးရေး လုပ်ငန်းကိုပါ မလွဲမသွေ မဖြစ်မနေ ဆောင်ရွက်ရမယ့် တာဝန်တစ်ခုက အပိုဖြစ်လာပါတယ်။

အမှန်အားဖြင့် ပြောရလျင်တော့ မဲစာရင်းပြုစုရေး၊ မဲစာရင်း မှန်ကန်ရေးဆိုတာ ပြည်သူတွေရဲ့ အဓိက တာဝန် မဟုတ်ပါဘူး။ ရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်သာ ဖြစ်ပါတယ်။ သို့ပါသော်လည်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကိုယ်တိုင်က လက်ရှိမဲစာရင်းကို ၃၀ ရာခိုင်နှုန်းပဲ အာမခံနိုင်မယ်လို့ အတိအလင်း ထုတ်ဖေါ်ပြောဆိုထားတာဖြစ်လို့ မှားနေတယ်လို့ ယူဆရတဲ့ ၇၀ ရာခိုင်နှုန်းသော မဲစာ ရင်းကို မိမိတို့ ပြည်သူတွေက တာဝန်ယူ စာရင်းဖြောင့်ပေးရမလို ဖြစ်လာပါတယ်။

အခုတလော ကြားရတဲ့ သတင်းအရဆိုလျင်လည်း မဲစာရင်းအမှားတွေရဲ့ သတင်းဟာ တော်တော်လေးကို ထင်ထင်ရှားရှား ဖြစ်လာပါတယ်။ ဒါကလည်း တနေ့တနေ့ စားဝတ်နေရေး လုံးပမ်းနေရတဲ့ မိမိတို့ ပြည်သူများကတော့ မဲစာရင်းတွေ တကူးတကွ လိုက်လံစစ်ဆေး ကူညီလို့ သိရတာတော့ မဟုတ်ပါဘူး။ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ကြရမယ့် ကိုယ်စားလောင်းများရဲ့ စစ်ဆေးမှု၊ လူမှုရေး အသိစိတ်နဲ့ မဲစာရင်းတွေ စေတနာဝန်ထမ်း စစ်ဆေးပေးသူ တချို့ကြောင့် သိလာရတဲ့ မဲစာရင်းအမှား တချို့ပဲ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် ပုဗ္ဗသီရိမြို့နယ်ထဲက ရပ်ကွက်တစ်ခုမှာ မဲပေးနိုင်သူ ၄,၀၀၀ ရှိပေမယ့် မဲစာရင်းမှာ ၁၀,၀၀၀ ကျော် ဖြစ်နေတာမျိုး၊ ရန်ကုန် အရှေ့ပိုင်းခရိုင်မှာ လူမရှိပဲ မဲစာရင်းပါဝင်သူ ၁ သိန်း ၈ သောင်းကျော် ရှိနေတယ်ဆိုတဲ့ သတင်းတွေ ကို မိမိတို့ စိတ်ရှုတ်ထွေးဖွယ် ကြားကြရပါတယ်။ ဒါက တချို့တလေပဲ လိုက်လံ စစ်ဆေးတွေ့ရှိလို့ သိလာရတဲ့ မဲစာရင်းအမှားတွေ ဖြစ်ပါတယ်။ စိတ်ဝင်စား ဖို့ကောင်းတာက မဲစာရင်းအမှားတွေက မဲပေးနိုင်သူစာရင်း ပိုလာတာပဲ ရှိနေပြီး လျှော့ပြီး မှားနေတာမျိုးက မကြားရသလောက်ပါပဲ။

ဒီလို အနေအထားမျိုးမှာ မိမိတို့ ပြည်သူတွေရဲ့ ဝေဖန်ချက်က ရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပြဌာန်းချက်တွေကို ရေပက်မဝင်အောင် ရေးဆွဲ ပြဌာန်းနိုင်စွမ်းတော့ အပြည့်ရှိပြီး တကယ့် အခြေခံလိုအပ်ချက်ကြီး ဖြစ်တဲ့ မဲဆန္ဒရှင် စာရင်းကြတော့ မယုံကြည်နိုင်လောက် အောင် စိတ်ရှုပ်ထွေးလောက်အောင် မှားနေတဲ့ အချက်ဟာ အံ့သြဖို့ ကောင်းတယ်ဆိုပြီး ဝေဖန်ကြတာ မျိုးလည်း ကြားကြရပါတယ်။
နိဂုံးချုပ်ရမယ် ဆိုရင်တော့ သည်အခြေအနေ အတိုင်းဆိုရင်တော့ မဲဆန္ဒရှင် စာရင်းအမှားတွေ ဟာ တနည်းအားဖြင့် ပြောရရင် ကော်မရှင်ဥက္ကဋ္ဌရဲ့ စကားအရ ၇၀ ရာခိုင်နှုန်း မဲဆန္ဒရှင် အမှားကြီးကို လာမယ့်တစ်လအတွင်း အချိန်မီ ပြင်နိုင်လျင်ပြင် မပြင်နိုင်လျင်တော့ မည်ကဲ့သို့သော ရွေးကောက်ပွဲ ကြီး ဖြစ်လာလိမ့်မလည်းဆိုတာ မတွေးတတ်အောင် ဖြစ်ရကြောင်း တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly