ရန်ကုန်၊ ဇူလိုင် ၇ ။ ။ ပျော်ဘွယ်မြို့နယ်တွင် ဇူလိုင် ၆ ရက်နေ့ ညနေပိုင်းက မဟာဓာတ်အားလိုင်း သွယ်တန်းစဉ် တရုတ်နိုင်ငံသား ၄ ဦး ပြုတ်ကျပြီး ၃ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပျော်ဘွယ်မြို့၊ နတ်စုန်းမှော်ကျေးရွာအနောက်တောင်ဘက် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၆၉/၆-၇)ကြားလမ်း၏အနောက်ဘက် (၁)မိုင်ခန့်အကွာတွင် မိတ္ထီလာမှ တောင်ငူသို့ သွယ်တန်းလျက်ရှိသော 500 KVA မဟာဓာတ်အားလိုင်း တိုင်အမှတ်(၉၁)တွင် ဓာတ်အားလိုင်း ကြိုးသွယ်တန်းခြင်း ဆောင်ရွက်လျက်ရှိသော CEEC ကုမ္ပဏီမှ ဝန်ထမ်းများဖြစ်သော မိတ္ထီလာမြို့၊ ဝန်ဇင်းရပ်ကွက်နေ တရုတ်နိုင်ငံသား ZI Fayou (၂၈)နှစ်၊ Li Wenquan (၂၉)နှစ်၊ He Kaili (၂၇)နှစ်၊ Yang Shihua (၂၉)နှစ်တို့သည် ဇူလိုင်လ ၆ ရက်နေ့ ညနေ ၄ နာရီအချိန်က ကြိုးတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ပြည်ထဲရေးမှ ထုတ်ပြန်သည်။
ယင်းသို့ သွယ်တန်းစဉ် မူလီများ ပြုတ်ထွက်ရာမှ ZI Fayou ၊ Li Wenquan နှင့် He Kaili တို့ ၃ ဦးမှာ အမြင့်ပေ ၁၀၀ ခန့်မှ မြေပြင်ပေါ်သို့ ပြုတ်ကျ၍ သေဆုံးခဲ့ပြီး Yang Shihua မှာ တာဝါတိုင်ပေါ်တွင် ခြေထောက်ညှပ် ဒဏ်ရာရရှိ၍ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
တရုတ်နိုင်ငံသား ZI Fayou ပါ ၃ ဦး သေဆုံးမှုနှင့်ပတ်သက်၍ ညောင်ကုန်းရဲကင်းစခန်း သေမှုသေခင်း အမှတ်စဉ် (၃/၂၀၁၉) ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။