ရန်ကုန်၊ ဇူလိုင် ၆ ။ ။ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသကို ယူနက်စကိုမှ ယနေ့ ဇူလိုင် ၆ ရက်က ကြေညာလိုက်သည်။
နှစ်ပေါင်း ၂၃ နှစ်ကြာပြီးနောက် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အသိအမှတ်ပြုခံခဲ့ရခြင်း ဖြစ်ပြီး ပထမအကြိမ်အဖြစ် ၁၉၉၆ ခုနှစ်က တင်သွင်းခဲ့သော်လည်း အသိအမှတ်ပြု မခံခဲ့ရပေ။
ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင် ၁၀ ရက်နေ့အထိ အဇာဘိုင်ဂျန်နိုင်ငံ၌ ကျင်းပနေသည့် ကမာ့္ဘရှေးဟောင်း အမွေအနှစ်ထိန်းသိမ်းရေးကော်မတီ၏ ၄၃ ကြိမ်မြောက်အစည်းအဝေးတွင် ထိန်းသိမ်းကာကွယ်စောင့်ရှောက် ရမည့် အမွေအနှစ်အဖြစ် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
ပုဂံဒေသကို ရွေးချယ်ရေး အတွက် အခြားနိုင်ငံများမှ ဝင်ရောက်ဆွေးနွေးခဲ့ကြပြီး တရုတ်၊ စပိန်တို့မှလည်း ထောက်ခံဆွေးနွေးခဲ့သည်။
၁၁ ရာစုမှ ၁၃ ရာစုအကြား မြန်မာပြည်အလယ်ပိုင်း၊ အပူပိုင်းဒေသတွင် တည်ဆောက်ထားခဲ့သည့် ပုဂံခေတ် လက်ရာစေတီပုထိုးများ၊ အထိမ်းအမှတ်နေရာများ ပါဝင်ပြီး ဗုဒ္ဓဘာသာအထိမ်းအမှတ် ဗိသုကာလက်ရာများ အများအပြားတွေ့ရှိသော ဒေသဖြစ်သည်ဟု ယူနက်စကိုမှ ဖော်ပြထားသည်။
ပုဂံအပါအဝင် လာအိုနိုင်ငံမှ Plane of Jars ဟု သိကြသည့် ရှေးဟောင်းကျောက်အိုးကြီးများရှိရာ လွင်ပြင်၊ အီရတ်မှ ဘေဘီလုံအပါအဝင် ကမ္ဘာ့အမွေအနှစ်အဖြစ် ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ပုဂံ အသိအမှတ်ပြုခံရမှုသည် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ဒုတိယအကြိမ်ဖြစ်ပြီး ပျူမြို့ဟောင်း ၃ မြို့အား ပထမဆုံးအဖြစ် အသိအမှတ်ပြုခဲ့သည်။
၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့က ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ကျင်းပခဲ့သော ၃၈ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံအစည်းအဝေးတွင် ပျူမြို့ဟောင်း ၃ မြို့ဖြစ်သော ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာမြို့ဟောင်းများအား မြန်မာနိုင်ငံ၏ ပထမဆုံး ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။