ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ကိုယ်ခန္ဓာတစ်ခုရဲ့ အဓိက အရေးအကြီးဆုံး အစိတ်အပို်င်းဆိုလိုက်တာနဲ့ နှလုံးဆိုတာ လူတိုင်းသိကြမှာပါ။ အရေးကြီးတဲ့အလျောက် သူ့မှာဖြစ်တဲ့ ရောဂါတွေကလည်းအများသား။ နှလုံးသွေးကြောကတစ်မျိုး ။နှလုံးကြွက်သားက တစ်မျိုး၊ နှလုံး ကိုယ်တိုင်အမောဖောက်တာက တစ်မျိုး ၊နှလုံး အဆို့ရှင်က တစ်မျိုးနဲ့ ဖြစ်တဲ့ရောဂါတွေကလည်း အများကြီးပါ။ နှလုံးသွေးကြောကျဉ်းတာ၊ နှလုံးကြွက်သားပုပ်တာအကြောင်းက လူတိုင်းသိနေပြီးသားဖြစ်တာကြောင့် ဒီဆောင်းပါးထဲမှာ နှလုံးအဆို့ရှင်တွေ မလုံတဲ့အကြောင်းနဲ့ ပက်သက်ပြီး ပြောပြချင်ပါတယ်။
နှလုံး အဆို့ရှင်တွေ အကြောင်းမပြောခင် နှလုံးဖွဲ့စည်းပုံအကြောင်း အရင်သိထားဖို့တော့လိုပါတယ် ။
နှလုံးတစ်ခုကို အပေါ်ပိုင်း သွေးလက်ခံခန်း ( atrium)၂ ခန်းနဲ့ အောက်ပိုင်း သွေးလှောင်ခန်း ( ventricles) ၂ ခန်းဆိုပြီး အခန်း ၄ ခန်း၊ ဘယ်ဘက်အခြမ်းမှာ Aortic Valve ၊ Mitral valve နဲ့ ညာဘက်အခြမ်းမှာ Pulmonary valve နဲ့ Tricuspid valve ဆိုပြီး အဆို့ရှင် ၄ ခုနဲ့ ဖွဲ့စည်းထားပါတယ်။
နှလုံးအဆို့ရှင်တွေမလုံဘူးဆိုတာ ဘာကိုပြောတာလဲ ။ ။
နှလုံးအဆို့ရှင်တွေ မလုံဘူးဆိုတာကို ဆေးပညာအရ Valvular insufficiency လို့ ခေါ်ပါတယ်။ Valvular insufficiency ဆိုတာ နှလုံးရောဂါတစ်မျိုးဖြစ်ပြီး အဆို့ရှင်တွေ ကောင်းကောင်း မပိတ်နိုင်တာကြောင့် နှလုံးတစ်ခါညှစ်တိုင်း သွေးတွေ နှလုံးထဲ ပြန်ပြန်စီးနေတဲ့ ပြဿနာတစ်ခုပါ။ နှလုံးတစ်ခုှမှာ အဆို့ရှင် ၄ ခုရှိတာကြောင့် တစ်ခုတည်းမလုံတာလည်း ဖြစ်နိုင်သလို အဆို့ရှင် ၄ ခုလုံး မလုံတာမျိုးလည်းဖြစ်နိုင်ပါတယ်။
နှလုံးအဆို့ရှင် မလုံတဲ့ ပြဿနာတွေကို အမျိုးအစား ခွဲကြည့်ရအောင်။
နှလုံး ဘယ်ဘက်အခြမ်းမှာဖြစ်တဲ့ အဆို့ရှင် ပြဿနာတွေကတော့
Aortic Valve insufficiency – Aorta လို့ခေါ်တဲ ့နှလုံးပင်မသွေးကြောကြီးက အဆို့ရှင်မလုံတာကြောင့် နှလုံး တစ်ခါညှစ်တိုင်း နှလုံးဘယ်ဘက်သွေးလှောင်ခန်းထဲ သွေးတွေ ပြန်ပြန်စီးဝင်တာ
Mitral valve insufficiency- ဒီ သွေးလက်ခံခန်း ( atrium) နဲ့ သွေးလှောင်ခန်း ( ventricles) ကြားထဲက Mitral valve မလုံတဲ့အခါ နှလုံးတစ်ခါညှစ်တိုင်း ventricle ကသွေးတွေ atriumထဲ ပြန်ဝင်တာ ။
နှလုံး ညာဘက်အခြမ်းမှာဖြစ်တဲ့ အဆို့ရှင် ပြဿနာတွေကတော့
Pulmonary valve insufficiency -ညာဘက်အခြမ်းက Pulmonary valve လေးမလုံတာကြောင့် ညာဘက် သွေးလက်ခံခန်း (right atrium) ကနေ ညာဘက်သွေးလှောင်ခန်း (right ventricle ) ထဲ သွေးတွေ စီးဝင်တာ
Tricuspid valve insufficiency – Tricuspid valve လေးမလုံတာကြောင့် နှလုံး တစ်ခါ ညှစ်တိုင်း သွေးလှောင်ခန်းထဲက သွေးတွေ သွေးလက်ခံခန်းထဲ ပြောငး်ပြန်စီးဝင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
နှလုံး အဆို့ရှင် မလုံတဲ့ ပြဿနာမှာ ဘယ်လိုလက္ခဏာတွေ များရှိလဲ ။
- နှလုံးပြဿနာဆိုတော့ သိတဲ့အတိုင်း အမောဖောက်မယ်
- အသက်ရှူရကြပ်မယ်
- ခေါင်းမူး ခေါင်းကိုက်တာတွေ ဖြစ်မယ်
- လူကလည်း အားမရှိသလိုဖြစ်နေတတ်ပြီး
- ရင်ဘတ်အောင့်တာ
- နှလုံးခုန်မြန်တာတွေ အပြင်
- ခြေလက်တွေ ဖောရောင်ပြီး ကိုယ်အလေးချိန် ရုတ်တရက် တက်လာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
ဘယ်လိုလူတွေက ဒီလို နှလုံး အဆို့ရှင်မလုံတဲ ့ပြဿနာ ပိုခံစားရလဲ ။ ။
Congenital ( မွေးရာပါ)နဲ့ Acquired (ကြီးမှဖြစ်တာ) ဆိုပြီး ၂မျိးခွဲလိုက်လို့ရပါတယ်။
Congenital ( မွေးရာပါ) ကတော့ သန္ဓေသားစဖွံ့ဖြိုးတဲ့အချိန်မှာ ချို့ယွင်းချက်ရှိသွားလို့ အဆို့ရှင်တွေ သေးနေတာ၊ ရှိနေတဲ့ အဆို့ရှင်တွေ ပျော့ပျောင်းမလွယ်ဘဲ တောင့်တောင့်ကြီး ဖြစ်နေလို့ သွေးမလုံတာတွေ ဖြစ်ရတာပါ။ Congenital ( မွေးရာပါ) ပြဿနာတွေက aortic နဲ့ pulmonary valve.ကို အများဆုံးထိပါတယ်။
Acquired (ကြီးမှဖြစ်တာ)ကတော့ ခုပြောပြမယ့် အချက်တွေ ကြောင့်ဖြစ်ရတာပါ။
streptococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ လည်ချောင်းနာခြင်းကို ကောင်းကောင်း မကုသတဲ့အခါ နောက်ပိုင်း Rheumatic fever လို့ခေါ်တဲ့ လေးဘက်နာအဖျားပိုးဝင်သွားရာကနေ နှလုံးအဆို့ရှင်တွေကိုထိသွားတာ
ကိုယ်တွင်းကို ဝင်လာတဲ့ အခြားရောဂါပိုးတွေကြောင့် Endocarditis လို့ခေါ်တဲ ့နှလုံးရောင်ခြင်းက တစ်ဆင့် နှလုံးအဆို့ရှင်တွေ ထိသွားတာ
ဒီလိုနဲ့ နောက်ပိုင်း အဆို့ရှင်တွေ ပုံမှန်ထက် ပျော့သွားတာမျိုးတွေ ဖြစ်တတ်ပြီး အဆို့ရှင် မလုံတော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။
အခြားဖြစ်နိုင်တဲ့ ပြဿာနာတွေကတော့ သွေးတိုး ဆီးချိုတို့ကြောင့် နှလုံး အလုပ်ပိုလုပ်ရပြီး နှလုံးကြီးတာ၊ ကာလသားရောဂါကြောင့် နှလုံးထိသွားတာ၊ နှလုံးသွေးကြောကျဉ်းတဲ့ ပြဿနာတွေ နဲ့ သောက်နေတဲ့ ဆေးတွေ၊ ဓာတ်ရောင်ခြည်တွေကလည်း နှလုံး အဆို့ရှင်တွေကို ပြဿနာတက်စေတဲ ့အ ကြောင်းအရင်းတွေပါ။
နှလုံးအဆို့ရှင်တစ်ခုခုဖြစ်နေကြောင်း ဘယ်လိုသိနိုင်သလဲ ။ ။
ခုတလော ကိုယ်ကမောမောနေတယ်၊ အသက်ရှူရတာလည်း ကြပ်နေပြီး ရင်ဘတ်တွေလည်းအောင့် နှလုံးခုန်တာလည်း မြန်နေတယ်ဆိုရင် နှလုံးရောဂါ ဖြစ်နို်င်တာကြောင့် မပေါ့ဆဘဲ ဆရာဝန်ဆီသွားပါ။
ဆရာဝန်က နားကြပ်နဲ့သေချာနားထောင်ပြီး အခြားလိုအပ်တဲ နှလုံးစစ်ဆေးမှုတွေဖြစ်တဲ့
ECG
Echocardiogram ( နှလုံးပုံရိပ်ဖော်စက်)
Angiogram ( နှလုံးသွေးကြော ပုံရိပ်ဖော်စက်) တို့ကို လုပ်ပြီး အဆို့ရှင်မှာ ဖြစ်နေတဲ ့ပြဿနာကို အတည်ပြုမှာ ဖြစ်ပါတယ်။
နှလုံး အဆို့ရှင် မလုံတဲ့ ပြဿနာက ကုသလို့ရတဲ့ရောဂါတစ်ခုလား။
နှလုံးအဆို့ရှင် ပြဿနာက ကုသလို့ရတဲ့ ရောဂါတစ်ခုဖြစ်ပြီး အောင်မြင်စွာကုသနိုင်ခဲ့တဲ့ သာဓကတွေလည်း အများကြီးရှိခဲ့ပါတယ်။ ကုသတဲ့နေရာမှာ အဓိက ရည်ရွယ်ချက် ၃ ခုနဲ့ ကုသပါတယ်။
- ထိခိုက်နေတဲ့ အဆို့ရှင်တွေ ပိုမဆိုးလာဖို့
- ခံစားနေရတဲ ့ဝေဒနာတွေ သက်သာသွားစေဖို့နဲ့
- အဆို့ရှင်တွေကို ကုသလို့ရင်ကု၊ မရရင် အဆို့ရှင်အစားထိုးဖို့ဆိုတဲ ့ရည်ရွယ်ချက် ၃ ခုနဲ့ကုသပါတယ်။
ကုသတဲ့နေရာမှာ သောက်ဆေးသုံးမလား၊ ခွဲစိတ်မှု လုပ်ပြီး ပြင်လို့ရလား၊ အဆို့ရှင် အစားထိုးမှရမှာ လားဆိုတာကတော့ ဖြစ်နေတဲ့ ရောဂါပြင်းထန်မှု အတိမ်အနက်နဲ့ အမျိုးအစားပေါ် မူတည်ပြီး ကွဲပြားသွားမှာဖြစ်ပါတယ် ။ ။