အစ္စတန်ဘူလ်မြို့တော်ဝန် ရွေးပွဲမှာ အာဏာရပါတီအရေးနိမ့်မှုက အာဒိုဂန်အတွက် ထိုးနှက်ချက်ဖြစ်လာ

အစ္စတန်ဘူလ်မြို့တော်ဝန် ရွေးပွဲမှာ အာဏာရပါတီအရေးနိမ့်မှုက အာဒိုဂန်အတွက် ထိုးနှက်ချက်ဖြစ်လာ

ဇွန် ၂၄ ။             ။ တူရကီနိုင်ငံ အစ္စတန်ဘူလ်ရဲ့ မြို့တော်ဝန်ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရပါတီက မမျှော်လင့်ဘဲ အရေးနိမ့်သွားခဲ့တဲ့အတွက် သမ္မတ အာဒိုဂန်အပေါ် ထိုးနှက်ချက်တစ်ခု ဖြစ်လာစေခဲ့ပါတယ်။

ဒုတိယအကြိမ်မြောက် ပြန်လည်ကျင်းပတဲ့ အစ္စတန်ဘူလ် မြို့တော်ဝန် ရွေးကောက်ပွဲ မဲအားလုံးနီးပါး ရေတွက်ပြီးချိန်မှာ အတိုက်အခံ ပါတီ ကိုယ်စားလှယ်လောင်း အက်ခရမ် အိုင်မာမိုဂလူက အနိုင်ရသူ ဖြစ်ခဲ့ပါတယ်။

အက်ခရမ်က မဲရလဒ် ၅၄ ရာခိုင်နှုန်းအထိ ရရှိခဲ့ပြီး ၎င်းရဲ့ ပြိုင်ဘက်ဖြစ်သူကတော့ ၄၅ ရာခိုင်နှုန်းသာ ရရှိခဲ့တယ်လို့ သိရပါတယ်။

မတ်လတုန်းကလည်း အဆိုပါ မြို့တော်ဝန် ရွေးကောက်ပွဲတုန်းကလည်း အက်ခရမ်ပဲ အံ့အားသင့်ဖွယ် နိုင်ထားခဲ့သေးတာဖြစ်ပါတယ်။ သို့ပေမယ့် ယင်းအချိန်တုန်းက ရွေးကောက်ပွဲ မူမမှန်မှုတွေ ရှိတယ်ဆိုပြီး အာဏာရ AK ပါတီက ကွန်ပလိန်းတက်ခဲ့လို့ ဖျက်သိမ်းထားခဲ့ရတာဖြစ်ပါတယ်။

ယခုတစ်ကြိမ် ပြန်ကျင်းပတဲ့ ရွေးကောက်ပွဲမှာတော့ အတိုက်အခံဘက်က အက်ခရမ်ပဲ အနိုင်ရခဲ့ပြန်တာဖြစ်ပါတယ်။

 ၎င်းရဲ့ ပြိုင်ဘက် အာဏာရပါတီဘက်က ကိုယ်စားလှယ်လောင်းဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ဘီနာလီ ယီလ်ဒီရမ်ကတော့ အရှုံးကို ဝန်ခံသွားခဲ့ပါတယ်။

သမ္မတ အာဒိုဂန်ကတော့ အနိုင်ရသူတွေကို ဂုဏ်ပြုကြောင်း တွစ်တာကနေတဆင့် ပြောသွားပါတယ်။

ယခုရွေးကောက်ပွဲမှာ အနိုင်ရသူဖြစ်လာတဲ့ အက်ခရမ်ကတော့ အာဒိုဂန်နဲ့အတူ အတွဲညီညီ အလုပ်လုပ်ဖို့ အသင့်ရှိနေပြီဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly