မကွေး၊ ဇွန် ၁၂ ။ ။ မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့တွင် ဇွန်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းက GTI ဝန်ထမ်း အမျိုး သမီးတစ်ဦးကို ရည်းစားဟောင်းမှ ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွားခဲ့ကြောင်း ရေနံချောင်း မြို့မရဲစခန်းမှ သိရသည်။
"ရေနံချောင်း GTI က အမျိုးသမီးဝန်ထမ်းတစ်ဦးကို အဓမ္မပြုကျင့်ဖို့ကြံစည်တယ်လို့ လာရောက်တိုင်ကြားလို့ အမှုဖွင့် အရေးယူထားတာပါ” ဟု ရေနံချောင်းမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး အောင်လွင်ဦးက ပြောသည်။
ဇွန်လ(၁၀)ရက်နေ့ညနေက GTI အမျိုးသမီးဝန်ထမ်းသည် မော်တော်ဆိုင်ကယ်ဖြင့် ကျောင်းမှ တစ်ဦးတည်းပြန်လာရာ ရေနံသာ စားသောက်ဆိုင်နားအရောက်တွင် ယခင်(၃)နှစ်ခန့်က ရည်းစားဖြစ်ခဲ့သူ ဇေယျာလင်းဆိုသူက စကားပြောစရာရှိသဖြင့် ခဏလိုက်ခဲ့ရန် ခေါ်ခဲ့ကြောင်း ၊ ထို့ နောက် ဇေယျာလင်းက အမျိုးသမီး အဖော်ပါတယ်။ မလိုက်ရင် ဆိုင်ကယ်နဲ့ တိုက်မယ်ဟု ပြောသဖြင့် ကြောက်ရွံ့ကာ လိုက်ခဲ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ရေနံသာ စားသောက်ဆိုင် အခန်းအရောက်တွင် အမျိုးသမီးအဖော် မတွေ့၍ ပြန်ဖို့ပြင်ဆင်နေစဉ် ထိုင်ခုံပေါ်သို့ တွန်းလှဲ၍ အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သဖြင့် ဇေယျာလင်း၏ ရင်ဘတ်ကို ဆောင့်တွန်းကာ ထွက်ပြေးခဲ့ရကြောင်း သိရသည်။ ထို့နောက် အနောက်မှ လိုက်လံဆဲဆိုကာ ပါးနှစ်ဖက်ကို လက်ဝါးဖြင့် ၁၀ ချက်ခန့် ရိုက်ပြီး နံစောင်းအား လက်သီးဖြင့် ထိုးကာ အဝတ်အစားများကို ဆွဲလှန်၍ အဓမ္မပြုကျင့်ရန် ကြံစည်ကြောင်း GTI က အမျိုးသမီးဝန်ထမ်းက လာရောက်တိုင်ကြားသည်ဟု သိရသည်။
အဆိုပါ အမျိုးသမီးကို ဆေးကုသနိုင်ရန်အတွက် ရေနံချောင်းပြည်သူ့ဆေးရုံသို့ ရဲဆေးစာဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း ဒုရဲမှူးအောင်လွင်ဦးက ပြောသည်။
အဆိုပါ ဖြစ်စဉ်အတွက် ဇေယျာလင်း ဆိုသူကို ရေနံချောင်းမြို့မရဲစခန်းမှ ဆဲဆို၊ရိုက်နှက်၊ခြိမ်း ခြောက်၊သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်မှု ပုဒ်မ ၂၉၄/၃၂၃/၅၀၆/၃၇၆/၅၁၁ တို့ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သိရသည်။