ရန်ကုန်၊ ဇွန် ၁ ။ ။ ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌဟောင်း ဒေါက်တာအေးမောင်နုတ်ထွက်ပြီးနောက် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌအဖြစ် ဦးသာထွန်းလှက ဒုတိယအကြိမ် ပါတီဗဟိုညီလာခံမှနေ၍ ဆုံးဖြတ် ရွေးချယ်လိုက်သည်။
ပါတီနေရာအပြောင်းအလဲများ ရှိခဲ့ပြီး ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် ဦးတင်ညို၊ ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် ဦးမြင့်နိုင် တို့ကို ခန့်အပ်ခဲ့ပြီး အထွေထွေအတွင်းရေးမှူးအဖြစ် ဦးခိုင်ပြည်စိုးတို့ကို ညီလာခံမှ ရွေးချယ်ခဲ့ကြောင်းလည်း ANP ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယခု ဥက္ကဋ္ဌအသစ်အဖြစ်ရွေးချယ်ခံခဲ့ရသည့် ဦးသာထွန်းလှသည် ယခင် ANP ပါတီ၏ အထွေထွေ အတွင်းရေးမှူး (၁) တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် လူထုထောက်ခံမှုအများဆုံးရရှိထားသည့် ရခိုင်အမျိုးသားပါတီ (ANP) ပါတီ၏ ညီလာခံကို စစ်တွေမြို့တွင် မေလနှောင်းပိုင်းအတွင်း ကျင်းပခဲ့ပြီး ပါတီဥက္ကဋ္ဌနေရာကို အစားထိုး အသစ်ရွေးချယ် တင်မြောက်ခဲ့ခြင်းလည်းဖြစ်သည်။
ထို့အပြင် ဒုတိယအကြိမ် ရခိုင်အမျိုးသားပါတီ ဗဟိုညီလာခံက ရွေးချယ်လိုက်သည့် မူဝါဒရေးရာ ဦးဆောင် ကော်မတီတွင် ဦးဦးလှစော ဒေါ်အေးနုစိန်တို့ ပါဝင်ပြီး အဆိုပါကော်မတီသည် ပါတီ၏ အမြင့်ဆုံးအဖွဲ့ ဖြစ်လာမည်ဟု ညီလာခံပြန်ကြားရေးခေါင်းဆောင် ဦးအောင်ဝင်းက ပြောဆိုထားသည်။
ရခိုင်အမျိုးသားပါတီသည် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီနှစ်ခု ပေါင်းစည်းပြီး ၂၀၁၄ ခုနှစ်က ပေါ်ပေါက်လာသည့် ပါတီလည်းဖြစ်ပြီး ပထမအကြိမ် ညီလာခံကို ၂၀၁၄ တွင် သံတွဲမြို့၌ ကျင်းပခဲ့သည်။
၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလကတည်းက ဒေါက်တာအေးမောင်က ANP ပါတီဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်ထားပြီး ပါတီဥက္ကဋ္ဌ နေရာ အချိန်အတော်ကြာ လစ်လပ်နေခြင်း ဖြစ်သည်။