ကလေး၊မေ - ၂၈ ။ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် ကြက်ဖနက်ချောင်းဖျား၊ ပလူဇဝဒေသတွင် ထူးဟန်သစ်ကုမ္ပဏီမှ တူးဖော်နေသည့် ကျောက်မီးသွေးတွင်း၌ မေလ ၂၇ ရက်နေ့ ည ၁၂ နာရီအချိန်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ၄ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကလေးခရိုင်ဒုတိယရဲမှူးကြီးအောင်ကျော်က ပြောသည်။
ထူးဟန်သစ်ကုမ္ပဏီမှ တူးဖော်နေသည့်ကျောက်မီးသွေးတွင်းလုပ်ကွက်တွင် အလုပ်လုပ်ရာမှထွက်ရှိသည့် မီးစနှင့် မီးသိန်းဓာတ်ငွေတို့ ထိတွေ့ရာမှ အောက်ဆီဂျင်လေအိုးပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
"လေအိုပေါက်ကွဲသွားတယ်။အောက်ဆီဂျင်တွေ ပြတ်လပ်ကုန်တာပါ"ဟု ဒုတိယရဲမှူးကြီး အောင်ကျော် ကပြောသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ယင်းနေရာတွင် အလုပ်လုပ်ကိုင်သူများထဲမှ အလုပ်သမား ၄ ဦးသေဆုံးခဲ့ပြီး ကျန် ၄ ဦးမှာ ဒဏ်ရာများရရှိခဲ့ကြောင်း ဒဏ်ရာရရှိသူများကို ကလေးမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။
ထိုကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သေမှုသေခင်းဖွင့်လှစ်ကာ စစ်ဆေးမှုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။