ကလေးမြို့ကျောက်မီးသွေးတွင်း၌ ပေါက်ကွဲမှုဖြစ်ပွား၊ ၄ ဦးသေဆုံး

ကလေးမြို့ကျောက်မီးသွေးတွင်း၌ ပေါက်ကွဲမှုဖြစ်ပွား၊ ၄ ဦးသေဆုံး
ဓာတ်ပုံ - ဦးညီညီ

ကလေး၊မေ - ၂၈ ။              ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် ကြက်ဖနက်ချောင်းဖျား၊ ပလူဇဝဒေသတွင် ထူးဟန်သစ်ကုမ္ပဏီမှ တူးဖော်နေသည့် ကျောက်မီးသွေးတွင်း၌ မေလ ၂၇ ရက်နေ့ ည ၁၂ နာရီအချိန်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ၄ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကလေးခရိုင်ဒုတိယရဲမှူးကြီးအောင်ကျော်က ပြောသည်။

ထူးဟန်သစ်ကုမ္ပဏီမှ တူးဖော်နေသည့်ကျောက်မီးသွေးတွင်းလုပ်ကွက်တွင် အလုပ်လုပ်ရာမှထွက်ရှိသည့် မီးစနှင့် မီးသိန်းဓာတ်ငွေတို့ ထိတွေ့ရာမှ အောက်ဆီဂျင်လေအိုးပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

"လေအိုပေါက်ကွဲသွားတယ်။အောက်ဆီဂျင်တွေ ပြတ်လပ်ကုန်တာပါ"ဟု ဒုတိယရဲမှူးကြီး အောင်ကျော် ကပြောသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ယင်းနေရာတွင် အလုပ်လုပ်ကိုင်သူများထဲမှ အလုပ်သမား ၄ ဦးသေဆုံးခဲ့ပြီး ကျန် ၄ ဦးမှာ ဒဏ်ရာများရရှိခဲ့ကြောင်း ဒဏ်ရာရရှိသူများကို ကလေးမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။

ထိုကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သေမှုသေခင်းဖွင့်လှစ်ကာ စစ်ဆေးမှုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly