တိုကျို၊ မေ ၂၇ ။ ။ အာရှနိုင်ငံ ဂျပန်ဆီ လေးရက်တာ ခရီးရောက်ရှိနေတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ မေ ၂၆ ရက်က ဆူမိုနပန်း ဗိုလ်လုပွဲမှာ အနိုင်ရနပန်းသမားကြီးကို ဒိုင်းဖလားဆု ကိုယ်တိုင်ချီးမြှင့်ခဲ့ပါတယ်။
အမေရိကန်သမ္မတ၏ ဒိုင်းဖလားလို့ ရေးထားတဲ့ ကီလို ၃၀ အလေးချိန်ရှိ ဒိုင်းဖလားကို တာဝန်ရှိသူတစ်ဦး အကူအညီနဲ့ ထရမ့်ဟာ အောင်ပွဲခံ အသက် ၂၅ နှစ် နပန်းသမား အာဆာနိုယာမာထံ ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။
ဒီလိုမျိုး နပန်းပွဲမျိုးကို အမေရိကန်တာဝန်ရှိသူတစ်ဦး တက်ရောက်တယ်ဆိုတာ မကြုံဖူးတဲ့ ဖြစ်စဉ်မို့ ဒီ ဆုပေးပွဲအခမ်းအနားကို ဂျပန်က မီဒီယာတွေက တော်တော်လေး စိတ်ဝင်တစားနဲ့ သတင်းတွေ ထုတ်လွှင့်ဖော်ပြကြပါတယ်။
အဲဒီ နပန်းပွဲကို သမ္မတ ထရမ့်နဲ့ ဇနီး မယ်လန်နီယာနဲ့အတူ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ ဇနီးဖြစ်သူ အကေးအာဘေးတို့က အတူတကွ ကြည့်ရှုခဲ့ကြတာ ဖြစ်ပါတယ်။
ခုလို ဂျပန်နိုင်ငံမှာ ရိုးရာဆူမိုနပန်းပြိုင်ပွဲကို ကြည့်ရှုဖူးတဲ့ ပြည်ပခေါင်းဆောင်အဖြစ် ပြင်သစ်သမ္မတဟောင်း Jacques Chirac ပါ ပါဝင်ပြီး သူ့အလှည့်တုန်းကလည်း Chirac ဒိုင်းဖလားဆုကို အနိုင်ရနပန်းသမားကို ချီးမြှင့်ခဲ့ဖူးတာ ဖြစ်ပါတယ်။