တောင်အာဖရိကသမ္မတအဖြစ် ဆိုင်ရီ ရာမာဖိုဆာအား ပါလီမန်က ပြန်လည် ရွေးချယ်တင်မြှောက်

တောင်အာဖရိကသမ္မတအဖြစ် ဆိုင်ရီ ရာမာဖိုဆာအား ပါလီမန်က ပြန်လည် ရွေးချယ်တင်မြှောက်

မေ ၂၃ ။         ။ တောင်အာဖရိကသမ္မတအဖြစ် လက်ရှိသမ္မတ ဆိုင်ရီ ရာမာဖိုဆာ အား ပါလီမန်က မေလ ၂၂ ရက်တွင် ပြန်လည် ရွေးချယ်တင်မြှောက်လိုက်ပြီ ဖြစ်သည်။ ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲအပြီး အာဏာရ ANC ပါတီ ပြန်လည် အာဏာရလာပြီးနောက် ယခုကဲ့သို့ ရာမာဖိုဆာကိုပင် သမ္မတအဖြစ် ထပ်မံ တင်မြှောက်လိုက်ခြင်း ဖြစ်သည်။

ယင်းအတွက်ကြောင့် ယမန်နှစ်က သမ္မတဟောင်း ဂျက်ကော့ဘ် ဇူးမားထံကနေ သမ္မတတာဝန်ကို လွှဲပြောင်းရယူထားခဲ့သည့် အသက် ၆၆ နှစ်အရွယ် ရာမာဖိုဆာ အနေဖြင့် ယခုကစလို့ ၎င်း၏ ပထမဆုံးသော ငါးနှစ်တာ သက်တမ်းကို အပြည့်အဝ ထမ်းဆောင်သွားရတော့မည် ဖြစ်သည်။

“ ရာမာဖိုဆာ ကို တောင်အာဖရိက သမ္မတအဖြစ်  တင်မြှောက်လိုက်ပါတယ်” ဆိုပြီး တရားသူကြီးချုပ် မိုဂိုအန်က ပါလီမန်တွင် ဖတ်ကြားသွားခဲ့သည်။

မေလ ၈ ရက် ရွေးကောက်ပွဲ၌ ပါလီမန်အမတ်နေရာ ၄၀၀ အနက် ၂၃၀ ခန့်ကို အနိုင်ရရှိထားခဲ့သည့် ANC ပါတီမှ လွှတ်တော်အမတ်များက ယခု အစည်းအဝေးတွင် နိုင်ငံအကြီးအမှူးကို ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

ယင်းအတွက်ကြောင့် ရာမာဖိုဆာ အနေဖြင့် လာမည့် မေလ ၂၅ ရက်တွင် သမ္မတသစ်အဖြစ် တရားဝင် ကျမ်းကျိန်သွားမည်ဖြစ်ကာ သီတင်းပတ်ကုန်အတွင်း ဒုသမ္မတတစ်ဦးနှင့် အစိုးရဝန်ကြီးများအဖွဲ့ကို ခန့်အပ်သွားမည်ဖြစ်သည်။

ယခုကဲ့သို့ သမ္မတအဖြစ် ပြန်လည် တင်မြှောက်ခံရပြီးနောက် တောင်အာဖရိက ပြည်သူအားလုံးအတွက် အစွမ်းကုန် ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ရာမာဖိုဆာက ကတိပြုသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required