ရန်ကုန်၊ မေ ၁၉ ။ ။ လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ပျက်စီးခဲ့ရသည့် စစ်ရှောင်ယာယီတဲစခန်းများကို စစ်ရှောင်သူများက ကိုယ့် အစီအစဉ်ဖြင့်သာ ပြန်လည်ပြင်ဆင်နေကြရသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)မှ ဦးဇော်ဇော်ထွန်းက မဇ္စျိမသို့ ပြောသည်။
ယမန်နေ့ မေ ၁၈ ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းသောကြောင့် ကျောက်တော်မြို့နယ် နှင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ရှောင်စခန်းများ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ အမိုးအကာများ ပျက်စီးခဲ့ခြင်း ဖြစ်သည်။
“ ဒီနေ့ မိုးတော့ မရွာတော့ဘူးလေ။ အဆောက်အဦတွေတော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပြင်နေကြပါတယ်။ အဆောက်အဦ အကုန်လုံးနီးပါးက တာလပတ်အမိုးအကာတွေ၊ တိုင်က ၀ါးတိုင်လေးတွေနဲ့ပေါ့” ဟု ဦးဇော်ဇော်ထွန်းက ဆိုသည်။
မေလဆန်းထိ စာရင်းများအရ ပုဏ္ဏားကျွန်းမြို့ရှိစစ်ရှောင်စခန်းများတွင် စစ်ရှောင်ဦးရေ ၁၇၂၅ ဦး ရှိပြီး ကျောက်တော်တွင် ၂၅၂၆ ဦးအထိ ရှိနေသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှနေ၍ စစ်ရှောင်များနေထိုင်ရန် အဆင်ပြေနိုင်သည့် အနေအထားရှိသော နေအိမ်များကို စီစဉ်ပေးမည်ဟု မဇ္စျိမသို့ ဖြေဆိုထားသည်။
ပြီးခဲ့သည့် မေ ၁၅ ရက်နေ့၊ နေ့လယ်ပိုင်းကလည်း လေဆင်နှာမောင်းဝင်ရောက် တိုက်ခတ်ခဲ့မှုကြောင့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ စင်းဘောကိုင်းကျေးရွာအနီးရှိ စစ်ရှောင်တဲအိမ် ၃၆ ခုမှာ လုံးဝပျက်စီးသွားပြီး အရေးပေါ် အကူညီများ လိုအပ်နေကြောင်း စစ်ရှောင်စခန်းတာဝန်ရှိသူများက ပြောဆိုထားသည်။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာနှောင်းပိုင်းမှ စတင်ကာ တပ်မတော်နှင့် AA တို့၏တိုက်ပွဲများကြောင့် စစ်ရှောင်ဦးရေ ၃၇၀၀၀၀ အထိ ရှိလာပြီဖြစ်ကြောင်းလည်း REC မှထုတ်ပြန်ချက်များတွင်ဖော်ပြထားသည်။