ကိုကိုပို၊ မေ ၁၅ ။ ။ ပါပူဝါနယူးဂီနီရဲ့ မြောက်ပိုင်းကမ်းရိုးတန်းအလွန် ကျွန်းစုတန်းတွေမှာ မေ ၁၄ ရက် ညက အင်အား ၇ ဒသမ ၅ အဆင့် လှုပ်တာကြောင့် လျှပ်စစ်မီးတွေ ပြတ်တောက်ကုန်ပြီး ဒေသခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးခိုလှုံကြပါတယ်။
နယူးဗြိတိန်ကျွန်းပေါ်က ကိုကိုမိုမြို့ အရှေ့မြောက်ပိုင်း ၂၇ မိုင်အကွာမှာ ည ၁၁ နာရီမှာ ငလျင်ကြီး လှုပ်တာဖြစ်ကြောင်း အမေရိကန်ဘူမိတိုင်းတာရေးဌာနက ထုတ်ပြန်ပါတယ်။
“တကယ် ငလျင်ကြီးပါ။ ကြောက်စရာ အတော်ကောင်းပါတယ်။”လို့ ကိုကိုပိုမြို့ စိုက်ခင်းအပန်းဖြေစခန်း မန်နေးဂျင်းဒါရိုက်တာ မီဂန်မာတင်က ပြောပါတယ်။
“ထိခိုက်ပျက်စီးတဲ့ ပုံ မရပေမယ့် ကျွန်တော်တို့တွေ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။”လို့ ၎င်းက အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။
ကိုကိုပိုမှာ ဒီ ငလျင်ကြီး လှုပ်တာကြောင့် လျှပ်စစ်မီးတွေ ပြတ်တောက်ကုန်ပြီး ဒေသခံတွေလည်း ဘေးလွတ်ရာဆီ အိမ်တွေကို စွန့်ခွာထွက်ပြေးကြတယ်လို့ ဌာနေအခြေစိုက် အေအက်ဖ်ပီသတင်းထောက်က ပြောပါတယ်။
ငလျင်ကြီး လှုပ်အပြီး နောက်ဆက်တွဲငလျင်ငယ်တွေ အချိန်ကြာကြာ လှုပ်တာကို ခံစားရပြီး ဒေသခံတွေဟာ အမှောင်ထဲမှာ ကြောက်ရွံ့နေခဲ့ကြကြောင်း သတင်းမှာ ဖော်ပြပါတယ်။