ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
လေဒီတို့မှာ ဘာစားချင်ချင် တည့်ပါမလားတွေးမိတဲ့အချိန်ရှိတယ်။ အဲ့ဒါကတော့ ကိုယ်ဝန်ဆောင်ချိန်နော်။ ငါများစားလိုက်ရင်ဆိုတဲ့ စိုးရိမ်စိတ်ဖြစ်မိကြစမြဲပါ။ ဒီတစ်ခေါက်တော့ လိုင်ချီးသီးကြိုက်ပေမယ့် ဘေဘီလေးထိခိုက်မှာစိုးလို့ လိုင်ချီးသီးမစားရဲတဲ့ မေမေတို့အတွက် ဒီဆောင်းပါလေးကနေတဆင့်ပြောပြပါရစေနော်။
လိုင်ချီးသီးဆိုတာ
လိုင်ချီးသီးဆိုတာက အနီရောင် အခွံလေးနဲ့ အတွင်းကအသားဖြူဖြူ ချိုချိုလေးပါတဲ့ အသီးလေးပေါ့။ စားလိုက်ရင် ချိုချိုလေးနဲ့ အရသာရှိလှပါတယ်နော်။ အနံ့လေးကလည်း ချိုချိုမွှေးမွှေးလေးနဲ့ စားချင်စရာလေးပါ။ အပူပိုင်းဒေသတွေမှာပေါက်ရောက်တတ်တဲ့အပင်တစ်မျိုးပါ။
ကိုယ်ဝန်ဆောင်ချိန်မျာ လိုင်ချီးသီးစားလို့ရလား
သာမန်ချိန်မှာစားချင်တာ စားလိုက်တာက ကိုယ်တစ်ယောက်တည်းဆိုတော့ ပြဿနာမရှိပေမယ့် ကိုယ်ဝန်ရှိနေချိန်မှာတော့ ကိုယ့်အစားတစ်လုတ်ကြောင့် ဘေဘီလေးထိခိုက်မှာစိုးတာ မေမေတိုင်းလိုလိုဖြစ်တတ်တဲ့ ခံစားချက်ပါနော်။ ဒီတော့ လိုင်ချီးသီးကြိုက်တယ်။ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ထားရလို့ မစားရဲဘူး။ စားလို့ရလားဆိုရင်တော့ နည်းနည်းလောက်တော့ စားလို့ရတယ်၊လို့ပြောပါရစေနော်။
ပုံမှန်ကတော့ မစားနဲ့။ မစားတာကောင်းတယ်၊လို့ပြောကြပါလိမ့်မယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ ကိုယ်ဝန်ဆောင်ချိန်မှာ လိုင်ချီးသီးစားတာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပြီး ကိုယ်ဝန်ဆောင်ဆီးချို စိုးရိမ်ရတာကြောင့်ပါ။ နောက်တစ်ချက်က လိုင်ချီးသီးကနေတဆင့် ရောဂါပိုးတွေ ကူးစက်ခံရနိုင်ပြီး နောက်ဆက်တွဲအနေနဲ့ သွေးမတိတ်တာမျိုးခံစားရနိုင်တယ်ဆိုတဲ့ အချက်တွေကြောင့်ပါ။ တကယ်တော့ နည်းနည်းလောက် စားပေးလို့ရပါတယ်။
ဘယ်လောက်ပမာဏ စားလို့ရလဲ
ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ လိုင်ချီးသီး ကို အတန်အသင့်စားလို့ရပါတယ်။ အများကြီးတော့ မစားသင့်ပါဘူးနော်။
ကိုယ်ဝန််ဆောင်နဲ့ လိုင်ချီးသီး
ကိုယ်ဝန်ဆောင်ချိန်မှာ လိုင်ချီးသီးကို အတန်အသင့်စားပေးလို့ရပါတယ်။ လိုင်ချီးသီးစားပေးတာက အခုလို ကျန်းမာရေးအကျိုးကျေးဇူးလေးတွေတောင်ရရှိစေနိုင်ပါတယ်။
သွေးစီးဆင်းမှုကောင်းစေတယ်
လိုင်ချီးသီးက သွေးတွင်းကဟီမိုဂလိုဗင် ပမာဏကိုထိန်းညှိပေးပြီး မဂ္ဂနီဆီယမ်၊ သံဓာတ်၊ မဂ္ဂနိ့၊ ဗီတာမင် စီ( ဗီတာမင် C)၊ ဖောလိတ်တို့ပါဝင်တာကြောင့် သွေးစီးဆင်းမှုကိုကောင်းစေနိုင်ပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးတာကြောင့် လေဖြတ်နိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။
ကိုယ်ခံအားကောင်းစေနိုင်တယ်
လိုင်ချိးသီးက ဗီတာမင် စီ (ဗီတာမင် C) ပါဝင်တာကြောင့် အအေးမိတုပ်ကွေးကနေ ကာကွယ်ပေးပြီး ခန္ဓာကိုယ်ကိုရောဂါပိုးတွေ အန္တရာယ်ကနေ အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ဖလေဗာနွိုက်ပါဝင်တာကြောင့် နာတာရှည်ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။
ဝမ်းမှန်စေနိုင်တယ်
ရေ နဲ့ အမျှင်ဓာတ်ပါဝင်မှုများတာကြောင့် ဝမ်းမှန်စေနိုင်ပါတယ်။ ဝမ်းချုပ်တာမျိုးမဖြစ်အောင်ကာကွယ်ပေးတဲ့အပြင် အူမကြီးကင်ဆာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆာင်စဉ် ဝမ်းချုပ်တာကိုလည်း သက်သာစေနိုင်ပါတယ်။
ကိုယ်တွင်း electrolyte မျှတစေနိုင်တယ်
ရေဓာတ်ခမ်းခြောက်မှုကြောင့် ကိုယ်တွင်းမှာ electrolyte မမျှတာမျိုးဖြစ်နိုင်ပါတယ်။ ဒီပြဿနာကို လိုင်ချီးသီးက အကောင်းဆုံးဖြေရှင်းပေးနိုင်ပါတယ်။
အသားအရေ စိုပြည်ကျန်းမာစေနိုင်တယ်
ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် အသားအရေကို စိုပြည်နူးညံံ့စေနိုင်ပါတယ်။ အသားအရေအတွက် လိုအပ်တဲ့ အာဟာရကို ဖြည့်စွမ်းပေးနိုင် ပါတယ်။
သွေးတွင်းကိုလက်စထရောကျစေနိုင်တယ်
သွေးတွင်းက အကျိုးပြုကိုလက်စထရောပမာဏကို မြင့်တက်စေနိုင်ပြီး အကျိုးမပြုတဲ့ ကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်ပါတယ်။
အင်အားပြည့်စေနိုင်တယ်
ပိုတက်ဆီယမ်ပါဝင်တာကြောင့် နုံးချိတာ၊ မအီမသာဖြစ်တာ၊ နာကျင်ကိုက်ခဲတာတွေကို သက်သာစေနိုင်ပြီး ခန္ဓာကိုယ်မှာ အားပြည့်နေစေမှာပါ။
အလွန်အကျွံမစားပါနဲ့
အရာရာက တန်ဆေး လွန်ဘေးပါ။ ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ လိုင်ချီးသီးကို အများကြီးစားမိမယ်ဆိုရင် အပေါ်မှာပြောခဲ့တဲ့ အကျိုးကျေးဇူးတွေမရဘဲ အခုလိုထိခိုက်မှုလေးတွေ ရှိလာနိုင်ပါတယ်။
ကိုယ်တွင်းအပူချိန်တိုးစေနိုင်တယ်
ကိုယ်တွင်းအပူချိန်တိုးလာတာက မေမေရော ဘေဘီလေးအတွက်ပါမကောင်းပါဘူးနော်။ ဒါကြောင့် အများကြီးတော့ မစားပါနဲ့။
သွေးမတိတ်တာမျိုးခံစားရနိုင်တယ်
လိုင်ချီးသီးကို အလွန်အကျွံစားမိမယ်ဆိုရင် သွေးတော်တေ်ာနဲ့ မတိတ်တာမျိုးကိုခံစားရစေနိုင်ပါတယ်။
ဆီးချို
အချိုဓာတ်ပါဝင်မှုများတာကြောင့် သွေးတွင်းသကြားဓာတ်မြင့်တက်စေပြီး ကိုယ်ဝန်ဆောင်ဆီးချိုခံစားရနိုင်ခြေများစေနိုင်ပါတယ်။
ကလေးအသေမွေးစေနိုင်တယ်
လိုင်ချိးသီးကို အရမ်းအများကြီး စားသုံးမိမယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်ဆီးချိုခံစားရနိုင်ပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲအနေနဲ့ ကလေးအသေမွေးတာမျိုး အထိဖြစ်စေနိုင်ပါတယ်။
သွေးပေါင်ကျစေနိုင်တယ်
လိုင်ချိးသီးအများကြီးစားတာက သွေးပေင်ချိန်ကို ကျစေနိုင်တာကြောင့် မေမေတို့အနေနဲ့ အရမ်းတော့မစားစေချင်ပါဘူး။
ကဲ…လိုင်ချီးသီးစားချင်တယ်။ ဘေဘီလေးကို ထိခိုက်မှာစိုးလို့ မစားရဲဘူးဆိုတဲ့ မေမေဗိုက်တို့ရေ နည်းနည်းလေးတော့စားလို့ရပါကြောင်း…………………….