မေ ၉ ။ ။ ပြင်သစ် လေကြောင်းလိုင်းတစ်လိုင်းဖြစ်တဲ့ Air France ရဲ့ လေယာဉ်အမှတ် AF218 ဟာ မေလ ၈ ရက်က ပါရီမြို့ကနေ မွမ်ဘိုင်းမြို့ဆီ ဦးတည်ပျံသန်းစဉ် လမ်းမှာ စက်ချို့ယွင်းမှု ဖြစ်လို့ အီရန်နိုင်ငံမှာ အရေးပေါ် ဆင်းသက်ခဲ့ရတယ်လို့ သိရပါတယ်။
ယင်း Air France လေယာဉ်ဟာ ကနဦးပိုင်းက ရေဒါကနေ ပျောက်သွားပြီး ယင်းနောက် ပြန်ပေါ်လာခဲ့ကာ အီရန်နိုင်ငံ အစ်ဖာဟန် မြို့ လေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရတာဖြစ်ပါတယ်။
အဆိုပါ AF218 လေယာဉ်မှာ ခရီးသည် ၂၅၆ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၁ ဦးတို့ လိုက်ပါသွားကြောင်း Air France က ထုတ်ပြန်သွားပါတယ်။
“ Air France လက်အောက်မှာ ရှိတဲ့ ပြင်သစ် စရိတ်သက်သာ လေကြောင်းလိုင်း JOON က စီမံခန့်ခွဲနေတဲ့ လေယာဉ်အမှတ် AF218 ဟာ ၂၀၁၉ မေလ ၈ ရက်မှာ ပါရီနဲ့ မွမ်ဘိုင်းအကြား ပြေးဆွဲရင်း အရေးပေါ် အခြေအနေကြောင့် အစ်ဖာဟန် လေဆိပ်ဆီ လမ်းကြောင်းလွှဲခဲ့ရပါတယ်၊ လေယာဉ်ရဲ့ လေဝင်လေထွက် စနစ်မှာ ချို့ယွင်းမှုဖြစ်လို့ ခုလို အရေးပေါ်ဆင်းသက်လိုက်ရတာဖြစ်ပါတယ်” လို့ ယင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါဟာ လိုအပ်တဲ့ ကြိုတင်ကာကွယ်မှု လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လုပ်ခဲ့တာဖြစ်ကြောင်းလည်း လေကြောင်းလိုင်းက ပြောပါတယ်။
လေယာဉ်ဟာ အစ်ဖာဟန် လေဆိပ်မှာ ပုံမှန်အတိုင်း ဆင်းသက်နိုင်ခဲ့ကြောင်း၊ ယင်းနောက် ခရီးသည်တွေကို စောင့်ရှောက်ဖို့အတွက် လေကြောင်းလိုင်း တာဝန်ရှိသူတွေကို တာဝန်ပေးထားခဲ့ကြောင်း Air France က အတည်ပြုသွားပါတယ်။
တစ်ချိန်တည်းမှာလည်းပဲ အီရန်တာဝန်ရှိသူတွေကလည်း ယင်း လေယာဉ်ပေါ်ပါ ခရီးသည်တွေကို လိုအပ်တဲ့ ကူညီမှုတွေ လုပ်ဆောင်ပေးနေကြောင်း အီရန် နိုင်ငံပိုင် သတင်းဌာန IRNA က ဖော်ပြပါတယ်။
ကနဦးပိုင်းက ယင်းလေယာဉ်ရဲ့ လေယာဉ်မှူးဖြစ်သူဟာ အီရန်နိုင်ငံ ဝေဟင်မှာ အရေးပေါ် အခြေအနေထုတ်ပြန်ခဲ့ပြီးနောက် လေယာဉ်ဟာလည်း ရေဒါကနေ ကွယ်ပျောက်သွားခဲ့ပြီးမှ ခုလို အီရန် လေဆိပ်ကို အရေးပေါ်ဆင်းသက်ခဲ့ရတာဖြစ်ပါတယ်။