ရန်ကုန် ၊ မေ ၆ ။ ။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များနှင့် ပတ်သက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းများအား ပြန်လည် သုံးသပ်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့ Parkroyal ဟိုတယ်၌ မေလ ၆ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
မစ္စတာကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်မှ အကြံပြုထားသည့် အချက် များအား အကောင်အထည်ဖော်ရာ၌ ရခိုင်ပြည်နယ်အတွက် ပိုမိုအကျိုးရှိစေရန် ပြုလုပ်ရခြင်းဖြစ်သည်ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ဆိုသည်။
“အကောင်အထည်ဖော်မှုတွေဟာ ဘယ်လောက်ထိရောက်လဲ၊ ဘယ်လောက်အကျိုးရှိလဲ ရှေ့ကို ဘယ်လို ဆက်လုပ်မလဲ ဆိုတာကို ပြန်ပြီးတော့ သုံးသပ်ဖို့လိုလာတယ်။ ဒါကြောင့်မို့လို့ ဒီအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပတာဖြစ်တယ်” ဟု ၄င်းက ဆိုသည်။
လက်ရှိတွင်လည်း ကိုဖီအာနန်ကော်မရှင်မှ အကြံပြုထားသည့် အချက်များကို ရခိုင်ပြည်နယ်အတွက် အကျိုး ရှိနေခြင်းကြောင့် အခက်အခဲများကြားမှ အကောင်အထည်ဖော်ဆောင်ရွက်နေခဲ့ခြင်းများ ရှိနေကာ ရှေ့ဆက် လုပ်ဆောင်မည့် အရာများအတွက် သုံးသပ်ရန် လိုနေသည်ဟု ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။
ကုလသမဂ္ဂအတွင်းရေးမှူးဟောင်း ကိုဖီအာနန်အား ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖြစ် အစိုးရက ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်းမှ ဖွဲ့စည်းပေးခဲ့ပြီး ယင်းကော်မရှင်၏ အကြံပြုချက်များ ပါဝင်သည့် အစီရင်ခံစာ ကို ၂၀၁၇ ခုနှစ် သြဂုတ်အတွင်း၌ ပေးပို့ခဲ့ပြီးလည်းဖြစ်သည်။
ယင်းအစီရင်ခံတွင် ပါဝင်သည့် အကြံပြုချက်များအနက် နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်များ ၊ အထောက်အထား စာရွက်စာတမ်း ကိစ္စရပ်များ နှင့် လူသားတိုင်း ဥပဒေ၏ ရှေ့မှောက်၌ အခွင့်အရေး တန်းတူညီမျှ ရပိုင်ခွင့်များ နှင့် ပတ်သက်သည့် ကိစ္စရပ်များ ပါဝင်ခဲ့သည်။
မေလ ၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲကို ပြည်ထောင်စုဝန်ကြီးများ ၊ ရခိုင်ပြည်နယ် ဝန်ကြီး ချုပ် ဦးညီပု၊ ရခိုင်ပြည်နယ်နှင့်ပတ်သက်ပြီး အစိုးရက ဖွဲ့စည်းပေးထားသည့် ကော်မရှင်အသီးသီးမှအဖွဲ့ဝင်များ အပါအဝင် နိုင်ငံတကာ သံတမန်များလည်း အများအပြား တက်ရောက်လာသည်ကို တွေ့မြင်ခဲ့ရသည်။