၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၅ ရက်ထိ ဥဇဘတ်ကစ္စတန်နိုင်ငံတွင် ပြုလုပ်ခဲ့သော ၄၉ ကြိမ်မြောက် အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲသို့ မြန်မာကစားသမား ငါးဦး ဝင်ပြိုင်ခဲ့ပြီး ကစားသမားနှစ်ဦး မှာ ရွှေတံဆိပ်တစ်ခုနှင့် ငွေတံဆိပ်တစ်ခုစီ ရရှိခဲ့သည်။
ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ၆၀ ကီလိုတန်းတွင် ထွန်းမင်း၊ ၆၅ ကီလိုတန်းတွင် ချစ်ငွေ၊ ၇၀ ကီလိုတန်းတွင် ညီဖြူ၊ နန်းလောင်ခန်းနှင့် ချယ်ရီမောင်တို့ ငါးဦး ဝင်ပြိုင်ခဲ့သည်။ အဆိုပါကစားသမား ငါးဦးအနက် ၁၆၀ စင်တီမီတာ အောက်၊ အမျိုးသမီး ကာယကြံ့ခိုင်မှု ပြိုင်ပွဲတွင် နန်းလောင်ခန်းမှ ရွှေတံဆိပ်ရရှိခဲ့ပြီး အမျိုးသား ကာယဗလမောင် ၆၀ ကီလိုတန်းတွင် ထွန်းမင်းမှဒုတိယ ငွေတံဆိပ်တစ်ခု ရရှိခဲ့သည်။
ဥဇဘတ်ကစ္စတန် နိုင်ငံတွင် ပြုလုပ်ခဲ့သော ၄၉ ကြိမ်မြောက် အာရှကာယဗလ ပြိုင်ပွဲ၌ ရွှေတံဆိပ် ရယူပေးခဲ့ သည့် မန္တလေးတိုင်း ဒေသကြီးမှ နန်းလောင်ခန်းမှာ ပြည်တွင်း ကာယကြံ့ခိုင်မှု ပြိုင်ပွဲများတွင် ဆုတံဆိပ်များစွာ ရရှိ ထားသော ကစားသမားတစ်ဦးဖြစ်ပြီး ကာယကြံ့ခိုင်မှုက စားနည်းအား ၂၀၁၄ ခုနှစ်မှ စတင်ကစားခဲ့သူ တစ်ဦးဖြစ် သည်။
အလားတူ ငွေတံဆိပ် ရယူပေးခဲ့သော ထွန်းမင်းမှာ ပြီးခဲ့သည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားက စားပြိုင်ပွဲတွင် နိုင်ငံအတွက် ငွေတံဆိပ် ရယူပေးခဲ့သလို အခြားနိုင်ငံတကာအဆင့် ပြိုင်ပွဲများ တွင်လည်း မြန်မာနိုင်ငံ အတွက် ဆုတံဆိပ်များစွာ ရယူပေးထားသော ကစားသမားတစ်ဦး ဖြစ်သည်။
မြန်မာနိုင်ငံအတွက် ဆုတံဆိပ်များ ရယူပေးနိုင်ခဲ့သည့် လက်ရွေးစင် ကာယဗလအားကစားအဖွဲ့မှာ အောက်တိုဘာ ၆ ရက် ညနေ ၆း၁၅ တွင် အပြည်ပြည် ဆိုင်ရာ ရန်ကုန်လေဆိပ် သို့ပြန်လည်ရောက် ရှိမည် ဖြစ်သည်။
ထို့ပြင် မြန်မာ့လက်ရွေးစင် ကာယဗလ အားကစားအဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံတွင် ပြုလုပ်မည့် အရှေ့ တောင်အာရှ ကာယဗလ ပြိုင်ပွဲသို့လည်း ဝင်ရောက် ယှဉ်ပြိုင်ရန် ရှိနေသည်။