ဧပြီ ၂၉ ။ ။ အခြေခံအဆောက်အအုံကဏ္ဍထဲမှာ ကန်ဒေါ်လာ ၂၉၀ ဒသမ ၁ သန်း တန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ပရောဂျက်စီမံကိန်းတစ်ခုကို မကြာသေးခင်က မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်(MIC) က ခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA ) က ထုတ်ပြန်ပါတယ်။
BOT စနစ်ဖြင့် တည်ဆောက်မယ့် ဆိပ်ကမ်းနှင့် ကွန်တိန်နာဝင်းတစ်ခုအတွက် စင်ကာပူနိုင်ငံမှ ရင်းနှီးမြုပ်နှံမှုကို ကော်မရှင်က ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ယင်းကနေတဆင့် ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ၁,၁၇၆ ခန့်ကို ဖန်တီးပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်လို့ DICA ဖက်က ထုတ်ပြန်ထားပါတယ်။
လက်ရှိ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမနှစ်ဝက်အတွင်း စီမံကိန်း ၁၃၉ ခုမှ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကန်ဒေါ်လာ ၁ ဒသမ ၈၇ ဘီလီယံခန့် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့ပြီး သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍက ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ကန်ဒေါ်လာ သန်း ၆၈၀ နဲ့ ထိပ်ဆုံးက ရှိနေတယ်လို့ သိရပါတယ်။
ယင်း ကာလအတွင်း စင်ကာပူကတော့ ရင်းနှီးမြုပ်နှံမှုတန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံနဲ့ အကြီးဆုံး ရင်းနှီးမြုှပ်နှံသူအဖြစ် ရပ်တည်နေတယ်လို့ DICA ရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။
ဧပြီလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမမှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၆/ ၂၀၁၉) ကြိမ်မြောက် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာပါ။ ဒီ အစည်းအဝေးကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် ၈ ဦး တက်ရောက်ခဲ့ကြပါတယ်။