ဘာစီလိုနာအသင်းဟာ အိမ်ကွင်းမှာ လီဗန်တေးကို ဒုတိယပိုင်း လူစားထိုးဝင်လာတဲ့ လီယွန်နယ် မက်ဆီရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရပြီး ရာသီကုန်ဆုံးဖို့ (၃)ပွဲအလိုမှာပဲ ၂၀၁၈-၁၉ ရာသီ လာလီဂါအမှတ်ပေးချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
လီဗာပူးလ်နဲ့ ဗုဒ္ဓဟူးနေ့ရဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ ကစားဖို့ရှိတာကြောင့် မက်ဆီဟာ ပွဲထွက်လူစာရင်းမှာ အရန်မှာပဲ ရှိနေခဲ့ပါတယ်။
ဘာစီလိုနာတို့ ပထမပိုင်းမှာ ဂိုးမရခဲ့လို့ ဒုတိယပိုင်းမှာတော့ နည်းပြ ဗယ်လ်ဗာဒီက ကော်တင်ဟိုအစား အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီကို လူစားဝင် ကစားစေခဲ့ပါတယ်။
မက်ဆီဟာ ပွဲချိန် (၆၂)မိနစ်မှာ ဗီဒယ်လ် ဖန်တီးပေးတာကို ဂိုးအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ ဒီဂိုးဟာ မက်ဆီအတွက် ဒီရာသီလာလီဂါပြိုင်ပွဲမှာ (၃၄)ဂိုးမြောက်ဖြစ်ခဲ့သလို၊ လူစားဝင်ပြီး သွင်းယူခဲ့တဲ့ (၂၄)ဂိုးမြောက် လာလီဂါသွင်းဂိုးလည်းဖြစ်ပါတယ်။
ဒါ့အပြင် မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ လာလီဂါဆုဖလား ၁၀ ကြိမ်မြောက် ဆွတ်ခူးရယူတဲ့ ပထမဆုံး ကစားသမားဖြစ်လာပါတယ်။
လီဗန်တေးကို အနိုင်ရခဲ့တဲ့ ဘာစီလိုနာအသင်းဟာ လာလီဂါချန်ပီယံဆုကို နောက်ဆုံး (၁၁)ရာသီအတွင်း (၈) ကြိမ်မြောက် ရရှိခဲ့ပြီး အသင်းသမိုင်းတစ်လျှောက်မှာတော့ (၂၆) ကြိမ်မြောက် ချန်ပီယံဆုဖြစ်လာခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ မေလ ၂၅ ရက် ဘုရင့်ဖလားဗိုလ်လုပွဲမှာ ဗလင်စီယာအသင်းနဲ့ ရင်ဆိုင်ရအုံးမှာလည်းဖြစ်ပါတယ်။
Ref; BBC