ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.
သွေးပေါင်ကျတယ်ဆိုတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးအခြေအနေတစ်ရပ်ပါ။ အလွယ်တကူ ကုသလို့ရပြီး အရမ်းကြီးစိုးရိမ်ရမယ့် ကျန်းမာရေးပြဿနာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ရောဂါအခံတစ်ခုခုရှိမယ်ဆိုရင်တော့ အမြန်ဆုံးကုသမှုခံယူတာအကောင်းဆုံးဖြစ်မှာပါ။ ဒီတစ်ခေါက်တော့ သွေးပေါင်ကျတဲ့အခါမှာဖြစ်ဖြစ် သွေးပေါင်ကျတတ်ရင်ဖြစ်ဖြစ် ဘာတွေစားသင့်လဲဆိုတာကို ဆွေးနွေးပြောပြပေးပါရစေ။
သွေးပေါင်ကျရင် ဘာတွေခံစားရနိုင်လဲ
ခန္ဓာကိုယ်က ဝေဒနာတစ်ခုခုကိုခံစားရတဲ့အခါ လက္ခဏာလေးတွေပြတတ်ပါတယ်။ ဒီလိုပါပဲ။ သွေးပေါင်ကျတဲ့အခါ မှာအခုလိုမျိုး လက္ခဏာတွေခံစားရနိုင်ပါတယ်။
ခေါင်းထဲက မူးဝေတာ
ခြေကုန်လက်ပမ်းကျတာ
အာရုံစိုက်ရခက်လာတာ
စိတ်ဓာတ်ကျတာ
အမြင်တွေဝါးလာတာ
သတိလစ်တာ
မအီမသာဖြစ်တာ
အသက်ရှုရခက်တာ နဲ့
ရေငတ်တာမျိုးတွေခံစားရနိုင်ပါတယ်။
သွေးပေါင်ကျတတ်ရင်ဘာတွေစားရမလဲ
သကြားမုန်လာ – သကြားမုန်လာမှာ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေကြွယ်ဝစွာပါဝင်နေသလို နိုက်ထရိတ်ဒြပ်ပေါင်းပါဝင်တာကြောင့် ခန္ဓာကိုယ်အနံ့သွေးစီးဆင်းမှုကို တိုးစေနိုင်ပါတယ်။ အဆိုပါ နိုက်ထရိတ်ဒြပ်ပေါင်းက သွေးတွင်းက နိုက်ထရစ် အောက်ဆိုဒ်ပမာဏကိုကျဆင်းစေသလို သွေးကြောတွေထဲမှာ သွေးစီးဆင်းမှုကောင်းစေပြီး သွေးတွင်းအောက်ဆီဂျင်စီးဆင်းရောက်ရှိမှုကို တိုးစေနိုင်တာကြောင့် သွေးပေါင်ကျတာကိုသက်သာစေနိုင်ပါတယ်။
မုန်လာဥနီ – ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ်တာဝန်ယူလုပ်ဆောင်ပေးတဲ့ ဘီတာကယ်လ်ရိုတင်းကြွယ်ဝစွာပါဝင်နေပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တဲ့ အပင်ထွက်ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ glutathione လည်းကြွယ်ဝပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခန္ဓာကိုယ်အနှံ့သွေးစီးဆင်းရောက်ရှိမှုကို တိုစေနိုင်ပြီး ကိုယ်ခံအားကိုကောင်းစေနိုင်ပါတယ်။ မနက်ခင်းဘာမှမစားခင်မှာ မုန်လာဥနီဖျော်ရည်ထဲကို ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာထည့်ပြီး သောက်ပေးပါ။ တစ်နေ့ကို နှစ်ကြိမ်သောက်ပေးမယ်ဆိုရင် သွေးပေါင်ကျတာကို သက်သာစေမှာပါ။
သံပရိုသီး – သံပရိုသီးက သွေးတိုးတာအတွက်ရော၊ သွေးပေါင်ကျတာအတွက်ပါ အသုံးတည့်တဲ့ သဘာဝအသီးအနှံတစ်ခုပါ။ ကိုယ်တွင်းမှာရေဓာတ်နည်းသွားတဲ့အခါ သွေးပေါင်ကျတာဖြစ်ပါတယ်။ ဒါကြောင့်နေ့စဉ်စားသုံးတဲ့အစားအသောက်ထဲမျာ သံပရိုသီး၊သကြားအနည်းငယ်နဲ့ဆားအနည်းငယ်ကိုရောစပ်ပြီး ထည့်သွင်းစားသုံးမယ်ဆိုရင် အသည်းလုပ်ဆောင်မှုကိုကောင်းစေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်သလို ခန္ဓာကိုယ်မှာ သွေးစီးဆင်းရောက်ရှိမှုကောင်းမွန်စေနိုင်ပါတယ်။
အယ်လ်မွန်စေ့ – ရွှေညိုရောင်သန်းနေတဲ့ အခွံမာသီးတစ်မျိုးဖြစ်တဲ့ အယ်လ်မွန်စေ့က သွေးပေါင်ကျတာကိုသက်သာစေနိုင်သလို နှလုံးကျန်းမာစေနိုင်ပါတယ်။ အယ်လ်မွန်စေ့မှာ biotin၊ ဗီတာမင် E၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီတွေ၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ် နဲ့ ဖလေဗာနွိုက်တို့ ပါဝင်နေပြီး သွေးတွင်းကိုလက်စထရောကို ထိန်းညှိပေးနိုင်သလို နှလုံးကျန်းမာစေပြီး ကိုယ်တွင်းသွေးစီးဆင်းရောက်ရှိမှုကို ထိန်းညှိပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ကို အားပြည့်စေပြီး သွေးပေါင်မကျအောင် ထိန်းညှိပေးပါတယ်။
ပင်လယ်စာ – ပင်လယ်စာတွေဖြစ်ကြတဲ့ မက်ကာရယ်ငါး၊ ငါးခူ၊ ငါးရှဉ့် တို့လိုမျိုးငါးတွေမှာ ဆိုဒီယမ်ပါဝင်နေပြီး သွေးပေါင်ကျတာကို သက်သာစေနိုင်ပါတယ်။ သွေးကြောနံရံများအတွင်းက ဖိအားကိုတိုးစေပြီး သွေးပေါင်ချိန်ကိုထိန်းညှိပေးသလို ဆဲလ်တွေတဝိုက်က ရေပမာဏကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။
ပင်စိမ်း – ကျန်းမာရေးအတွက် အကျိုးများတဲ့ သဘာဝ ဆေးဖက်ဝင်အပင်တစ်မျိုးပါ။ အအေးမိ၊ ချောင်းဆိုးတာကနေစလို့ သွေးတွင်းကိုလက်စထရောများတာနဲ့ အမျိုးမျိုးသောကျန်းမာရေးပြဿနာတွေအတွက် အသုံးတည့်ပါတယ်။ ဓာတ်တိုးဆန့်ကျင်အာနိသင်ပါဝင်နေသလို ရောင်ရမ်းနာကျင်မှုကို သက်သာစေပြီး ဘက်တီးရီးယားတွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ ဗီတာမင် C၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်တို့ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ သွေးပေါင်ကျတတ်သူတွေအနေနဲ့ မနက်တစ်ကြိမ် ညနေတစ်ကြိမ် ပင်စိမ်းရွက်ကို ၆ ရွက် ကနေ ၇ ရွက်လောက်အထိကိုရေစင်စင်ဆေးပြီး အတို့အမြှုပ်အဖြစ်စားပေးလို့ရပါတယ်။ သွေးပေါင်ကျတာအပြင် ခန္ဓာကိုယ်ကိုပါကျန်းမာနေစေမှာ အသေအချာပါ။
ကော်ဖီ – ကော်ဖီပူပူလေးတစ်ခွက်က သွေးပေါင်ကျတတ်သူတွေအတွက်တော့ ဆေးတစ်လက်ပါ။ ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်က သွေးတွေစီးဆင်းမှုကိုကောင်းမွန်စေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။ ဒါပေမယ့် တစ်နေ့ကို ကော်ဖီနှစ်ခွက်သောက်တာက အသင့်တော်ဆုံးဖြစ်မှာပါ။ ကဖင်းဓာတ်အရမ်းများတဲအခါကျရင် ခန္ဓာကိုယ်အတွက်ကောင်းကျိုးထက် ဆိုးကျိုးကပိုများပါတယ်။
နွယ်ချိုရေနွေးကြမ်း – သွေးပေါင်ကျနေသူတွေအတွက် သင့်တော်တဲ့ သောက်စရာတစ်ခုပါ။ ဆေးဖက်ဝင်တဲ့အရာတစ်ခုအဖြစ်နွယ်ချိုကို သိထားကြပါတယ်။ ဒါကြောင့် သွေးပေါင်ကျတတ်တယ်ဆိုရင်တော့ နွယ်ချိုရေနွေးကြမ်းကို တစ်နေ့နှစ်ခွက်လောက်သောက်ပေးပါ။
သောက်ရေ – ရေဓာတ်နည်းမှုက ကိုယ်တွင်းသွေးပမာဏကိုကျဆင်းစေနိုင်ပြီး သွေးပေါင်ကျစေရတဲ့ အဓိကအကြောင်းအရင်းပါ။ ဒါကြောင့် ခန္ဓာကိုယ်ကိုရေဓာတ်ပြည့်ဝအောင်ထားပါ။ ရေများများသောက်တာ ဒါမှမဟုတ် အုန်းရည်သောက်တာမျိုးလုပ်ပေးပါ။ ခန္ဓာကိုယ်ကို လန်းဆန်းစေပြီး သွေးပေါင်ကျတကိုသက်သာစေနိုင်ပါတယ်။
ကြက်ဥ/ ဘဲဥ – သွေးပေါင်ကျတဲ့ လူတော်တေ်ာများများက ဗီတာမင် B12 ချို့တဲ့နေတတ်ကြပါတယ်။ ဗီတာမင် B12 နည်းတာကသွေးအားနည်းရောဂါကိုဖြစ်စေနိုင်ပြီး သွေးပေါင်ကျစေနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင် B12 ကြွယ်ဝတဲ့ ကြက်ဥ၊ဘဲဥတို့ကို ပြုတ်စားတာဖြစ်ဖြစ်၊ကြော်စားတာဖြစ်ဖြစ်စားပေးပါ။
သံလွင်သီး – ဗီတာမင် E၊ သံဓာတ် နဲ့ ကော့ပါးလိုမျိုးဓာတ်တွေပါဝင်နေတဲ့အပြင် ဆားဓာတ်အနည်းငယ်ပါဝင်နေတာကြောင့် သွေးဖိအားကိုထိန်းညှိပေးပြီး သွေးပေါင်ကျတာကို သက်သာစေနိုင်ပါတယ်။
ကဲ သွေးပေါင်ကျလို့ဆိုပြီး စိတ်ညစ်မနေပါနဲ့နော်။ ဒီအစားအစာလေးတွေစားပြီး သွေးပေါင်ချိန်မကျအောင် ထိန်းညှိလိုက်ပါနော်……..