မန္တလေး၊ ဧပြီ ၂၂ ။ ။ မြစ်ဆုံဆည်တည်ဆောက်ရေး လုံးဝဖျက်သိမ်းပေးရေးအတွက် ဧပြီလ ၂၂ ရက်၊နံနက် ၉ နာရီက ကချင် ပြည်နယ်၊ ဝိုင်းမော်မြို့တွင် ဒေသခံအင်အား ထောင်ချီမှ ကန့်ကွက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်ဟု ဆန္ဒ ဖော်ထုတ်ပွဲ ဦးဆောင်သူများထဲမှတစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးဂဲနက်(စ်)ကပြောသည်။
ကန့်ကွက် ဆန္ဒဖော်ထုတ်သူများသည် မြစ်ဆုံဆည်စီမံကိန်း အလုံးစုံ ဖျက်သိမ်းရေး၊မြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်း ဆည်တည်ဆောက်ရေး အလုံးစုံ ဖျက်သိမ်းရေး၊မြစ်ဆုံစီမံကိန်းအလိုမရှိ စသည့် စာတမ်းများကိုင်ဆောင်ပြီး ကြွေးကြော်သံများဖြင့် ဝိုင်းမော်မြို့ကို ပတ်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်ဟု ဦးဂဲနက်(စ်)ကဆိုသည်။
"မြစ်ဆုံနဲ့တကယ်အနီးစပ်ဆုံး မြစ်ကြီးနားမြို့နယ်ကဆို ဝိုင်းမော်က အနီးစပ်ဆုံးဗျ။ ဝိုင်းမော်မှာဆိုတဲ့ အခါ ကျတော့ ကျွန်တော်တို့ ဝိုင်းမော်က လူထုအနေနဲ့ သီးသန့်ဆောင်ရွက်တဲ့ ကိစ္စပေါ့နော့။ သီးသန့်ဆောင်ရွက် ဆိုတာက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် တရုတ်သွားမယ့်အချိန်နဲ့ အချိန်ကိုက်လုပ်တာပါ။"ဟု ဦးဂဲနက်(စ်)က ပြောသည်။
မြစ်ဆုံဆည် စီမံကိန်း လုံးဝဖျက်သိမ်းပေးရေး ဆန္ဒဖော်ထုတ်ပွဲအပြီးတွင် ကြော်ငြာချက်တစ်စောင်ကို ထုတ်ပြန်သွားမည်ဟုလည်း ဦးဂဲနက်(စ်)ကဆိုသည်။