ဧပြီ ၉ ။ ။ တူရကီထံ စစ်လက်နက်ပစ္စည်းတွေ ရောင်းချမယ့် ကိစ္စကို ပြီးပြတ်အောင် ဆက်လုပ်သွားမှာဖြစ်ကြောင်း ရုရှားအစိုးရက ဧပြီ ၈ ရက်မှာ ကတိပြုပြောဆိုလိုက်ပါတယ်။
ရုရှားအစိုးရအနေနဲ့ တူရကီထံကို လေယာဉ်ပစ် ဒုံးကျည်တွေအပါအဝင် စစ်လက်နက်ပစ္စည်းတွေ ရောင်းချပေးမယ့် အငြင်းပွားအစီအစဉ်တစ်ခုကို ဖော်ဆောင်နေတာဖြစ်ပြီး ယင်းအပေါ် အမေရိကန်နဲ့ နေတိုး အုပ်စုတို့က အပြင်းအထန် ပြစ်တင်နေလျက် ရှိပါတယ်။
ယင်း စစ်လက်နက်ရောင်းချမှုအပြင် ရုရှားနဲ့ တူရကီအကြား အခြားသော စစ်ဘက်ဆိုင်ရာ ပူူးပေါင်းဆောင်ရွက်မှု ပရောဂျက်တွေလည်း ရှိဦးမှာဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
“ ခုချိန်မှာ ကျွန်တော်တို့ နှစ်နိုင်ငံစလုံးဟာ ကာကွယ်ရေး ဆိုင်ရာ ပူးပေါင်းမှုကို မြှင့်တင်ရမယ့် လုပ်ငန်းတွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်၊ ဒါနဲ့ပတ်သက်လို့ အရင်ဆုံး ကျွန်တော်တို့ဆီကနေ တူရကီကို S-400 ဒုံးကျည်စနစ်တွေ ရောင်းချမယ့် စာချုပ်ကို ပြီးပြတ်အောင် အကောင်အထည်ဖော်သွားရမှာဖြစ်ပါတယ်” လို့ ပူတင်က ပြောသွားပါတယ်။