မတ် ၂၆ ၊ ရန်ကုန် ။ ။ လေပွေလှိုင်းများ ရွေ့လျားခြင်းကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် မိုးထစ်ချုန်းရွာနိုင်ပြီး မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပွားနိုင်ကြောင်း မိုးလေဝသမှ သတိပေးထုတ်ပြန်ထားသည်။
မတ် ၂၅ မွန်းလွဲ ၁ နာရီခွဲတိုင်းတာချက်များအရ အနောက်ဘက်မှ လေပွေလှိုင်းများနှင့် အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ အရှိန်ကြောင့် မတ် ၂၆ ရက်မှ မတ် ၂၈ ရက်အတွင်း ဖြစ်ပွားနိုင်ကြောင်း သတိပေးထားခြင်း ဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ မိုးထစ်ချုန်းရွာနိုင်သည်။
ယင်းဒေသများတွင် နေထိုင်သူများ အနေဖြင့် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် သတိပြုကြရန် တိုက်တွန်းထားသည်။
ဘင်္ဂလားပင်လယ်အော်တွင်တော့ မုန်တိုင်းမရှိကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။
မိုးကြိုးပစ်မှုဖြစ်ပေါ်စေသည့် မိုးတိမ်တောင်နှင့်ပတ်သက်ပြီး စစ်ကိုင်းတိုင်း အထက်ပိုင်း၊ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး၊ ပဲခူးတိုင်းတောင်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတောင်ပိုင်းတို့တွင် မိုးတိမ်တောင် ဖြစ်နိုင်သည်မှအပ ကျန်တစ်ပြည်လုံးကင်းစင်မည်ဟု ဒေါက်တာထွန်းလွင်က မတ် ၂၅ ရက်နေ့၊ ညပိုင်းက ခန့်မှန်းထားသည်။