မတ် ၂၀ ။ ။ အီရတ်စစ်ပွဲအတွင်းက ခိုးယူခြင်းခံထားရတဲ့ နှစ်သက်တမ်းပေါင်း ၃,၀၀၀ ခန့်ရှိ ကမ္ပည်းကျောက်စာတိုင် တစ်ချပ်ကို ယခုအခါမှာ ဗြိတိန်တို့က မူလပိုင်ရှင် အီရတ်ထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးလိုက်ပြီ ဖြစ်ပါတယ်။
အဆိုပါ တန်ဖိုးကြီး ရှေ့ဟောင်းပစ္စည်းကိုတော့ ဗြိတိန် ပြတိုက် အကြီးအကဲ ဟာ့တ်ဝစ် ဖစ်ချာက အီရတ်သံအမတ် ဆာလီ ဟူစိန် အအလီ ထံ ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်က တရားဝင်အခမ်းအနားနဲ့ ပြန်လည်အပ်နှံခဲ့ပါတယ်။
ယင်း ကျောက်တုံးရဲ့ ဇာစ်မြစ်ကို ပြတိုက် ကျွမ်းကျင်ပညာရှင်က အတည်ပြုပေးခဲ့ပြီးနောက် ယခုလို မူလပိုင်ရှင်ထံ ပြန်လည်လွှဲပြောင်းပေးလိုက်တာဖြစ်ပါတယ်။
“ ဒါက အီရတ်တို့ရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေအနက်က သိပ်ကိုအရေးကြီးတဲ့ ပစ္စည်းတစ်ခုပါ” လို့ ဖစ်ချာက ပြောသွားပါတယ်။
ယင်း ပစ္စည်းကိုတော့ ၂၀၁၂ တုန်းက လန်ဒန် ဟီသရိုးလေဆိပ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ယင်းနောက် ပြတိုက်ကို ပေးပို့ထားခဲဲ့ပြီးမှ ယခုမှ ပြန်လည်လွှဲအပ်ပေးခဲ့တာဖြစ်ပါတယ်။