ဒါကာ၊ အောက်တိုဘာ ၃ ။ ။ အောက်တိုဘာလ ၃ ရက်နေ့က ဘင်္ဂလားဒေ့ရှ်တွင် ဂျပန်နိုင်ငံသားတစ်ဦး ပစ်သတ်ခံရသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့ရာ ယခုသီတင်းပတ်အတွင်း သတ်ဖြတ်ခံရသည့် ဒုတိယမြောက်နိုင်ငံခြားသား ဖြစ်လာခဲ့သည်။
ပထမတိုက်ခိုက်မှုတွင် အီတလီနိုင်ငံသားတစ်ဦး ပစ်သတ်ခံရပြီးနောက် ယခုသီတင်းပတ်တွင် နောက်ထပ်နိုင်ငံခြားသားများ ပစ်မှတ်ထားခံရနိုင်သည်ဆိုသည့် စိုးရိမ်မှုများကြောင့် အနောက်နိုင်ငံ သံရုံးများက ဘင်္ဂလားဒေ့ရှ်တွင် ၎င်းတို့၏ သံတမန်များ၏လှုပ်ရှားမှုများကို ကန့်သတ်ခဲ့သည်။
အီတလီနိုင်ငံသားကို ၎င်းတို့သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု အိုင်အက်စ်တို့က ပြောသည်။ လွန်ခဲ့သည့်နှစ်က အစ္စလာမ္မစ်အကြမ်းဖက်မှုဒီရေမြင့်မားလာခဲ့ပြီး ဘာသာရေးဆိုင်ရာစစ်သွေးကြွမှုကို အွန်လိုင်းမှ ဝေဖန်ခဲ့သူလေးဦးမှာ ဓါးဖြင့်ခုတ်သတ်ခံခဲ့ရသည်။
၎င်းတို့အနက် ဘင်္ဂလားဒေ့ရှ်နွယ်ဖွား အမေရိကန်နိုင်ငံသားတစ်ဦးလည်း ပါဝင်ခဲ့သည်။ သို့သော်လည်း ဘင်္ဂလားဒေ့ရှ်တွင် နိုင်ငံခြားသားများကို တိုက်ခိုက်မှုမှာ ရှားပါးသည်။
ဂျပန်နိုင်ငံသား အသက် ၆၅နှစ်အရွယ် ကူနီအိုဟိုရှီသည် ဒါကာမြို့တော်၏ မြောက်ဖက် ၃၃၅ကီလိုမီတာအကွာ ရန်ပူရ်ခရိုင်ရှိ ကောင်နီယာသို့သွားရောက်စဉ် ဒေသစံတော်ချိန်နံနက် ၁၀နာရီခန့်က အမည်မသိသူများ၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး ဆေးရုံသို့သွားရောက်စဉ် လမ်းမှာသေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။
"သူဟာ ရင်ဘတ်အပြင် လက်နဲ့ခြေထောက်ပါ အပစ်ခံခဲ့ရပါတယ်"ဟု ဒေသဆိုင်ရာရဲစခန်းမှူး ရေဇောလ်ကာရင်က သတင်းထောက်များကို ပြောကြားခဲ့သည်။ သတ်ဖြတ်ခံရခြင်း၏ အကြောင်းရင်းကိုမူ ရဲအရာရှိက ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ စုံစမ်းစစ်ဆေးနေကြောင်းသာ ပြောကြားခဲ့သည်။
ဖြစ်ပျက်မှုနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို သေချာစွာသိရန် ကြိုးပမ်းနေသည်ဟု ဒါကာရှိ ဂျပန်သံရုံးမှ အရာရှိတစ်ဦးက ပြောသည်။ သတ်ဖြတ်ခံရသည့် ဂျပန်နိုင်ငံသားမှာ ဘင်္ဂလားဒေ့ရှ်တွင် မွေးသည်ဟု သိရသည်။
စက်တင်ဘာလ ၂၈ ရက်နေ့က ဒါကာတွင် သေနတ်သမားသုံးဦး၏ သတ်ဖြတ်ခြင်းခံရသူ အီတလီနိုင်ငံသား စေဆာရေတာဗဲလားမှာ အစားအစာဖူလုံရေးစီမံကိန်းတစ်ခုအတွက် ဘင်္ဂလားဒေ့ရှ်တွင် အလုပ်လုပ်နေခဲ့သူဖြစ်သည်။