ဥရောပထိပ်သီးကလပ်အသင်းများက ၂၄ သင်းဖြင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို သပိတ်မှောက်လိမ့်မယ်လို့ ပြောဆိုနေပေမယ့် အဆိုပါအစီအစဉ်ကို ၂၀၂၁ ခုနှစ်မှာ စတင်မယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က အတည်ပြုလိုက်ပါတယ်။
အဆိုပါအသွင်သစ်ပြိုင်ပွဲပုံစံမှာ ဥရောပမှ ၈ သင်းအထိ ပါဝင်မှာဖြစ်ပြီး ပြိုင်ပွဲကို ဇွန်လမှ ဇူလိုင်အထိ ၄ နှစ် တစ်ကြိမ် ကျင်းပသွားမယ်လို့ သိရပါတယ်။
ဖီဖာဥက္ကဋ္ဌ ဂီယာနီ အင်ဖန်တီနိုက သောကြာနေ့က ဖီဖာကောင်စီအနေနဲ့ သူ့ရဲ့ စီစဉ်မှုကို ထောက်ခံခဲ့ပြီးနောက်မှာ သူဟာ "အလွန်ပျော်ရွှင်"ခဲ့တယ်လို့ ပြောပါတယ်။
"အခုဆိုရင် ကမ္ဘာကြီးက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အစစ်အမှန်ကို မြင်တွေ့ရတော့မှာပါ။ ပရိသတ်တွေဟာ ကမ္ဘာ့အကောင်းဆုံးအသင်းတွေ ယှဉ်ပြိုင်တဲ့ ဒီပြိုင်ပွဲမှာ ကမ္ဘာ့ချန်ပီယံ အစစ်အမှန်အသင်းကို မြင်တွေ့ရပါလိမ့်မယ်။"လို့ သူက ပြောပါတယ်။
လက်ရှိ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဟာ နှစ်စဉ် ဒီဇင်ဘာလမှာ ကျင်းပတာဖြစ်ပါတယ်။
အဆိုပါပြိုင်ပွဲပုံစံသစ်မှာ ဥရောပကလပ် ၈ သင်းပါဝင်မှာဖြစ်သလို တောင်အမေရိကမှ ၆ သင်း၊ အာဖရိက၊ အာရှ၊ အမေရိက မြောက်နဲ့ အလယ်ပိုင်းတို့မှ ၃ သင်းစီနဲ့ သမုဒ္ဒရာပိုင်းမှ ၁ သင်းတို့ပါဝင်ကြမှာဖြစ်ပါတယ်။
ပြိုင်ပွဲဝင်အသင်းတိုင်းဟာ ပေါင်သန်း ၅၀ ရရှိမယ်လို့ သိရပါတယ်။
Ref; BBC