ရတနာပုံနှင့်ပွဲ အရှုံးအတွက် အထွေအထူး ခံစားရန် မလိုဟု ဧရာဝတီ အသင်းနည်းပြပြော

ရတနာပုံနှင့်ပွဲ အရှုံးအတွက် အထွေအထူး ခံစားရန် မလိုဟု ဧရာဝတီ အသင်းနည်းပြပြော
ဧရာဝတီအသင်းနှင့် ရတနာပုံအသင်းတို့ တွေ့ဆုံခဲ့စဉ်။ ဓာတ်ပုံ - ဧရာဝတီယူနိုက်တက်

၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလား ဗိုလ်လုပွဲတွင် ရတနာပုံအသင်းကို နောက်ကောက်ချပြီး ချန်ပီယံဖလား ရယူခဲ့သည့် ဧရာဝတီအသင်းသည် အမှတ်ပေး ပွဲစဉ် ၁၆ တွင် ရတနာပုံအသင်း အိမ်ကွင်း၌ ပြန်လည် ရှုံးနိမ့်ခဲ့သော်လည်း အဆိုပါပွဲ ရှုံးနိမ့်မှုအတွက် အထွေအထူး ခံစားနေရန်မလိုဟု ဧရာဝတီအသင်းနည်းပြ မာဂျန်က ပြောခဲ့သည်။

၂၀၁၅ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲ ဒုတိယအကျော့ ပွဲစဉ် ၁၆ တွင် ရတနာပုံအသင်းနှင့် ဧရာဝတီအသင်းတို့ မန္တလေးမြို့၊ ဗထူးကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ပြီး အိမ်ရှင် ရတနာပုံအသင်း က၄-၁ ဂိုးဖြင့် အနိုင်ရခဲ့ သည်။ အိမ်ရှင် ရတနာပုံအသင်းသည် ပွဲချိန် ၅ မိနစ်မှ စတင်ကာ ဧရာဝတီအသင်းဘက်သို့ ဦးဆောင်ဂိုးများ သွင်းယူ နိုင်ခဲ့ပြီး ဧရာဝတီအသင်းအတွက် တစ်လုံးတည်းသောချေပဂိုး ကို ပွဲချိန် ၆၇ မိနစ် Sim က သွင်းယူပေးခဲ့ခြင်း ဖြစ် သည်။

ဒီပွဲမှာလည်း ရလဒ်ကောင်းရဖို့ ကြိုးစားခဲ့တာပါ။ အဓိက ကစားသမား လေးယောက်လောက် ဒဏ်ရာကြောင့် ရော ကျန်းမာရေးကြောင့်ပါ ဒီပွဲမှာ မပါဝင်နိုင်ပါဘူး။ ပွဲစပြီး သိပ်မကြာခင်မှာပဲ ကျော်မင်းဦး ဒဏ်ရာရပြီး လူစားလဲ လိုက်ရပြန်ပါတယ်။ သုံးဂိုးအထိ ဦးဆောင်ဂိုး ပေးလိုက်ရပေမယ့်လည်း ကစားသမားတွေ ကစားအားမချဘဲ ကြိုးစားခဲ့ ပါတယ်။ ရက်ပေါင်း ၂၀ အတွင်း ၅ ပွဲလောက် ကစားထားတော့ ပွဲလည်း ပန်းနေကြပါတယ်။ ဒါပေမယ့် အမှတ်ပေး ချန်ပီယံ မဖြစ်နိုင်တော့တဲ့နောက် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းကို အာရုံစိုက်ကစားခဲ့ပြီး ချန်ပီယံလည်း ဖြစ်ခဲ့ပြီးပါပြီ။ ဒီနေ့ပွဲမှာ ကစားသမားတွေ ကြိုးစားပါ တယ်။ဒီတော့ အရှုံးအတွက် ဘာမှ အထွေအထူး ခံစားမနေဖို့ ပြောထားပြီးပါပြီ။ အနိုင်ရသွားတဲ့ ရတနာပုံ အသင်းကိုတော့ ဂုဏ်ပြုစကား ပြောချင်ပါတယ်ဟု ဧရာဝတီအသင်း နည်းပြ မာဂျန်ကပြောသည်။

ရတနာပုံအသင်းကို ရှုံးနိမ့်ခဲ့သော ဧရာဝတီအသင်းသည် စုစုပေါင်း ပွဲစဉ် ၁၈ ပွဲကစားအပြီးတွင် ၁၀ ပွဲနိုင်၊ သုံးပွဲ သရေ၊ ငါးပွဲရှုံး ရမှတ် ၃၃ မှတ်ဖြင့် အဆင့် ၄ နေရာတွင် ရပ်တည်နေသည်။ ဧရာဝတီ အသင်းသည် လက်ကျန် ပွဲစဉ် သုံးပွဲတွင် ကမ္ဘောဇအသင်း၊ မနောမြေအသင်း၊ ဇေယျာရွှေမြေ အသင်းတို့နှင့် ဆက်လက် ကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly