တိုက်ပွဲများကြောင့် သီပေါမြို့တွင် စစ်ဘေးရှောင်လာသူ ၂၅၀၀ ကျော်အထိ ရှိလာ

တိုက်ပွဲများကြောင့် သီပေါမြို့တွင် စစ်ဘေးရှောင်လာသူ ၂၅၀၀ ကျော်အထိ ရှိလာ
 ဓာတ်ပုံ - Shar Htat Paing

ရန်ကုန်၊ မတ် ၆ ။               ။ တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် သီပေါမြို့နယ်အတွင်းသို့ စစ်ဘေးရှောင်လာသူ ၂၅၀၀ ဦးကျော်လာပြီဟု သီပေါအခြေစိုက် နယ်စည်းမခြားပရဟိတအဖွဲ့မှ ကိုမျိုးက မဇ္စျိမသို့အတည်ပြုပြောသည်။

“ ၂၄၄၃ ဦး။ အခု ဒီမနက် (မတ်လ ၆ရက်) ကို နောက်ထပ် ၁၀၀ ထပ်တိုးတယ်ဗျ။ ၂၅၀၀ ကျော်လောက် ဖြစ်နေပြီပေါ့နော်” ဟု ၄င်းကဆိုသည်။

စစ်ဘေးရှောင်များကို သီပေါမြို့ရှိ ဘုန်းတော်ကြီးကျောင်းများတွင် စခန်း ၇ ခုခွဲခြားထားပြီး စားရေး၊ သောက်ရေး အတွက် ပရဟိတအဖွဲ့များနှင့် အလှူရှင်များပူးပေါင်းဆောင် ရွက်နေကြောင်းလည်း သိရသည်။

လွန်ခဲ့သည့် မတ်လ ၂ ရက်နေ့က သီပေါ-နမ္မတူလမ်းပိုင်းပေါ်ရှိ မန်လီရွာတွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS )၊ တအာင်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (TNLA)  တို့၏ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲများပြင်းပြင်း ထန်ထန် ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။ထို့ကြောင့် အနီးအနားဝန်းကျင်မှ ဒေသခံများသည် နေရပ်စွန့်ကာထွက်ပြေးလာခဲ့ရခြင်းလည်းဖြစ်သည်။

အဆိုပါတိုက်ပွဲအတွင်း ပရဟိတအဖွဲ့ဝင်တစ်ဦးအပါအဝင်  မန်လီရွာသား စုစုပေါင်း ၁၀ ဦးပျောက်ဆုံးနေပြီး မတ်လ ၆ ရက်နေ့အထိ ပြန်လည်ရှာတွေ့ခြင်းလည်းမရှိသေးပေ။

သီပေါတွင် တိုက်ပွဲများကြောင့် စစ်ရှောင်များတိုးလာသော်လည်း ကျောက်မဲမြို့သို့ စစ်ရှောင်လာခဲ့သည့် လူဦးရေ ၁၀၀၀ ကျော်မှာမူ နေရပ်သို့ပြန်လည် သွားရောက်ကြပြီဖြစ်ကြောင်း ကျောက်မဲပရဟိတအသင်းမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly