ဖေဖော်ဝါရီ ၂၇ ။ ။ ယမန်နေ့ ဖေဖော်ဝါရီ ၂၆ ရက်က ပါကစ္စတန် ပိုင်နက်ထဲရှိ စစ်သွေးကြွစခန်းတွေကို အိန္ဒိယက လေကြောင်းကနေ တိုက်ခိုက်မှု လုပ်ခဲ့ပြီးနောက် နှစ်နိုင်ငံအကြား စစ်ရေးတင်းမာမှုတွေ အရှိန် မြင့်သထက် မြင့်လာခဲ့ပါတယ်။
ယင်းတိုက်ခိုက်မှုအပေါ် ပြန်လည် လက်တုန့်ပြန်မယ်လို့လည်း ပါကစ္စတန်ဘက်က ကြုံးဝါးထားပါတယ်။
သို့ပေမယ့် ယခုလို စစ်သွေးကြွတွေကို လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့ပြီးနောက် ပါကစ္စတန်နဲ့အကြား နောက်ထပ် စစ်ရှိန်မြင့်လာမှာမျိုး မလိုလားဘူးလို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Sushma Swaraj က ဖေဖော်ဝါရီ ၂၇ ရက်မှာ ပြောသွားပါတယ်။
ဒီလို စစ်သွေးကြွတွေကို တိုက်ခိုက်ချေမှုန်းခဲ့ပြီးနောက် နောက်ထပ် အခြေအနေ တင်းမာ အရှိန်မြင့်လာတာမျိုး အိန္ဒိယဘက်ကတော့ ရှောင်ရှားလိုတယ်လို့ ၎င်းက ပြောသွားပါတယ်။
အိန္ဒိယဘက်က မနေ့က နံနက်အစောပိုင်းမှာ ပါကစ္စတန်ပိုင်နက်ထဲက စစ်သွေးကြွစခန်းတွေကို လေကြောင်းထိုးစစ်ဆင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့တဲ့နောက် နျူကလီးယားပိုင် ရန်ဘက်နှစ်နိုင်ငံကြား အန္တရာယ်ပြွန်းတဲ့ တင်းမာမှုတွေ ဖြစ်ပွားလာမှာကို နိုင်ငံတကာက စိုးရိမ်ခဲ့ရပါတယ်။