“အိန္ဒိယအနေနဲ့ ကျုပ်တို့ရဲ့ လျှပ်တစ်ပြက်စီးနင်းတိုက်ခိုက်တာအတွက် အသင့်ပြင်ထားတော့”ဟု ပါကစ္စတန်စစ်တပ် ပြော

“အိန္ဒိယအနေနဲ့ ကျုပ်တို့ရဲ့ လျှပ်တစ်ပြက်စီးနင်းတိုက်ခိုက်တာအတွက် အသင့်ပြင်ထားတော့”ဟု ပါကစ္စတန်စစ်တပ် ပြော
Photo: AFP

အစ္စလာမ္မာဘတ်၊ ဖေဖောဝါရီ ၂၇ ။     ။အိန္ဒိယနိုင်ငံက ပါကစ္စတန်ပိုင်နက်ထဲ လေကြောင်းထိုးစစ် ဆင်နွှဲခဲ့တဲ့ နောက်မှာတော့ “ကျုပ်တို့ရဲ့ လျှပ်တစ်ပြက်စီးနင်းတိုက်ခိုက်တာအတွက် အိန္ဒိယအနေနဲ့ အသင့်ပြင်ထားပါ။”ဆိုပြီး ပါကစ္စတန်စစ်တပ်က ပြောလာပါတယ်။

ကက်ရှ်မီးယားမှာ ဖြစ်ပွားတဲ့ အသေခံတိုက်ခိုက်မှုတစ်ရပ်ကို လက်တုံ့ပြန်ပြီး ပါကစ္စတန်ပိုင်နက်ထဲ လေကြောင်းထိုးစစ်ဆင်ရာမှာ လက်သည်တရားခံ စစ်သွေးကြွတွေကို ပြင်းပြင်းထန်ထန် ချေမှုန်းနိုင်ပြီး အမြောက်အမြားကို သုတ်သင်လိုက်နိုင်တယ်လို့ အိန္ဒိယဖက်က ကြေညာချက်ကိုလည်း ကိုယ်ကိုကို အဖတ်ဆယ်တဲ့ လုပ်ဇာတ်ပဲဆိုပြီး ပါကစ္စတန်က ငြင််းဆန်ထားပါတယ်။

ဒါပေမယ့် ပါကစ္စတန်ပိုင်နက်ထဲကို အိန္ဒိယတိုက်လေယာဉ်တွေ ကျုးနင်းဝင်ရောက်ခဲ့တာကိုတော့ အတည်ပြုပြီး ဒီအတွက် တုံ့ပြန်သွားမယ်လို့ သတိပေးပြောဆိုလာတာပဲ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ မနေ့က နံနက်အစောပိုင်းမှာ ပါကစ္စတန်ပိုင်နက်ထဲက စစ်သွေးကြွစခန်းတွေကို လေကြောင်းထိုးစစ်ဆင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့တာကြောင့် နျူကလီးယားပိုင်ရန်ဖက်နှစ်နိုင်ငံကြား အန္တရာယ်ပြွန်းတဲ့ တင်းမာမှုတွေ ဖြစ်ပွားလာမှာကို နိုင်ငံတကာက စိုးရိမ်ခဲ့ရပါတယ်။

အဲဒီ တိုက်ခိုက်မှုဟာဆိုရင် ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံကြား စစ်ခင်းခဲ့ချိန် ၁၉၇၁ နောက်ပိုင်း ပါကစ္စတန်ကို  အိန္ဒိယက ပထမဆုံး လေကြောင်းတိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်က ကက်ရှ်မီးယားဒေသမှာ အိန္ဒိယစစ်ယာဉ်တန်းကို ပါကစ္စတန်အခြေစိုက် စစ်သွေးကြွအုပ်စုက အသေခံတိုက်ခိုက်ပြီး အိန္ဒိယအရံတပ်သား ၄၀ ကျဆုံးခဲ့ပြီးနောက် နှစ်နိုင်ငံကြား တင်းမာမှု မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly