စစ်သွေးကြွစခန်းကို ချေမှုန်းခဲ့တယ်ဆိုတဲ့ အိန္ဒိယရဲ့ အတည်ပြုချက် မဟုတ်မှန်ကြောင်း ပါကစ္စတန် ပယ်ချ

စစ်သွေးကြွစခန်းကို ချေမှုန်းခဲ့တယ်ဆိုတဲ့ အိန္ဒိယရဲ့ အတည်ပြုချက် မဟုတ်မှန်ကြောင်း ပါကစ္စတန် ပယ်ချ

အစ္စလာမ္မဘတ်၊ ဖေဖော်ဝါရီ ၂၆ ။          ။ ပါကစ္စတန်ပိုင်နက်ထဲ လေကြောင်းစစ်ဆင်ပြီး စစ်သွေးကြွ အများအပြားကို သုတ်သင်ခဲ့တယ်ဆိုတဲ့ အိန္ဒိယရဲ့ အတည်ပြု ပြောဆိုချက်ကို ပါကစ္စတန်က ပယ်ချပြီး ဒါဟာ အိန္ဒိယရဲ့ ကိုယ်ကိုကို ပြန်အဖတ်ဆယ်တာ၊ အဆင်အခြင်မဲ့စွာနဲ့ လုပ်ဇာတ်ဖန်တီးတာလို့ ပြောဆိုတံဆိပ်ကပ်လိုက်ပါတယ်။

အိန္ဒိယစစ်လေယာဉ်တွေဟာ ၎င်းတို့ ပိုင်နက်ထဲ ချိုးဖောက်ဝင်ရောက်လာခဲ့ပြီး နိုင်ငံရဲ့ အနောက်မြောက်ပိုင်း ဘာလာကော့အရပ်မှာ ဗုံး ကြဲချခဲ့ပေမယ့် ပျက်စီးမှုနဲ့ အသေအဆုံး မရှိခဲ့ဘူးလို့ ပါကစ္စတန်တာဝန်ရှိသူတွေက ပြောပါတယ်။

ဘာလာကော့အရပ်နားက သံသယရှိ စစ်သွေးကြွစခန်းကို ပစ်မှတ်ထားပြီး လေကြောင်းထိုးစစ်ဆင်ရာမှာ အမြောက်အမြား သေဆုံးပျက်စီးကြောင်း အိန္ဒိယဖက်က အတည်ပြုပြောဆိုချက်ကို အမျိုးသားလုံခြုံရေးကောင်စီအနေနဲ့ ပြင်းပြင်းထန်ထန် ပယ်ချကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ရှားမက်မွတ်ကွာရီရှီက အစ္စလာမ္မာဘတ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

“အိန္ဒယအစိုးရအနေနဲ့ ကိုယ်ကိုကို ပြန်အဖတ်ဆယ်ပြီး လီဆယ်လုပ်ဇာတ် ဖန်တီးလာပြန်တာပဲ ဖြစ်တယ်။”လို့ ၎င်းက ပြောရင်း အိန္ဒိယမှာ အထွေထွေရွေးကောက်ပွဲ မတိုင်မီ လူထုအကြိုက် ဖြစ်အောင် လုပ်ဆောင်တာပဲလို့လည်း ဖြည့်စွက်ဆိုပါတယ်။

လေပိုင်နက်ထဲ ချိုးဖောက်ဝင်ရောက်လာတာကတော့ သက်သက်မဲ့ရန်လိုတာဖြစ်ပြီး ပါကစ္စတန်အနေနဲ့ အချိန်နဲ့ နေရာ ရွေးချယ်ပြီး တုံ့ပြန်သွားမယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

ပါကစ္စတန်ကျောထောက်နောက်ခံပြုတဲ့ စစ်သွေးကြွတွေဟာ အိန္ဒိယမြို့တွေမှာ အသေခံတိုက်ခိုက်မှုတွေ ကျုးလွန်ဖို့ ပြင်ဆင်နေတဲ့ စစ်သွေးကြွစခန်းတစ်ခုကို စစ်လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့ပြီး အရေအတွက် တော်တော်များများကို ချေမှုန်းပစ်ခဲ့ကြောင်း အိန္ဒိယက ပြောဆိုပြီးနောက် ဝန်ကြီး ကွာရီရှီက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ တုံ့ပြန်လာတာပဲ ဖြစ်ပါတယ်။

ပါကစ္စတန်ရဲ့ တိုက်လေယာဉ်တွေက အိန္ဒိယဂျက်တိုက်လေယာဉ်တွေကို မောင်းထုတ်ခဲ့တာဖြစ်ပြီး အိန္ဒိယလေယာဉ်တွေက လွတ်မြောက်ဖို့အတွက် ဗုံးကြဲသွားခဲ့တာပဲ ဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့က အိန္ဒိယပိုင် ကက်ရှ်မီးယားဖက်ခြမ်းမှာ စစ်ယာဉ်တန်းကို ပါကစ္စတန်အခြေစိုက်စစ်သွေးကြွအဖွဲ့က အသေခံတိုက်ခိုက်တာကြောင့် အိန္ဒိယအရံတပ်သား ၄၀ သေဆုံးပြီးနောက် နျူကလီးယားပိုင်ရန်ဖက်နှစ်နိုင်ငံကြား တင်းမာမှု မြင့်တက်နေတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly