ပါကစ္စတန် အခြေစိုက် စစ်သွေးကြွတွေအပေါ် လေကြောင်းကနေ အိန္ဒိယ တိုက်ခိုက်

ပါကစ္စတန် အခြေစိုက် စစ်သွေးကြွတွေအပေါ် လေကြောင်းကနေ အိန္ဒိယ တိုက်ခိုက်

ဖေဖော်ဝါရီ ၂၅ ။        ။    ပါကစ္စတန် အခြေစိုက် စစ်သွေးကြွတွေအပေါ် ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အိန္ဒိယက ပြောပါတယ်။

ပါကစ္စတန်နဲ့အကြား အငြင်းပွားနေတဲ့ ကက်ရှ်မီးယား နယ်စပ်မှာ ဖေဖော်ဝါရီ ၂၆ ရက်က လုပ်ခဲ့တဲ့ ယင်း လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်သွေးကြွ အများအပြားကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိကြီးတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

သေဆုံးသွားတဲ့ စစ်သွေးကြွတွေကတော့ အိန္ဒိယကို တိုက်ခိုက်ဖို့ ပြင်ဆင်နေသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

အစောပိုင်းတုန်းကလည်း အိန္ဒိယဟာ မိမိတို့ရဲ့ လေပိုင်နက်ကို ကျူးကျော်ဖြတ်သန်း ဝင်ရောက်ခဲ့ကြောင်း ပါကစ္စတန်ဘက်က စွပ်စွဲထားခဲ့ပါတယ်။

Jaish-e-Mohammad (JeM) ကမ့်စခန်းအပေါ် လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တာဖြစ်ကြောင်း၊ ဒါဟာ အသေခံတိုက်ခိုက်မှုတွေ ဖြစ်လာတော့မယ်လို့ အိန္ဒိယဘက်က ယုံကြည်တဲ့အတွက် ခုလိုတိုက်ခိုက်တာဖြစ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းဝန် Vijay Gokhale က ပြောပါတယ်။

ပါကစ္စတန်အခြေစိုက်တဲ့ အဖွဲ့ JeM ကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်က ကက်ရှ်မီးယားမှာ အိန္ဒိယ စစ်သား အယောက် ၄၀ ကို သေဆုံးစေခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုရဲ့ လက်သည်တရားခံတွေဖြစ်တယ်လို့ ထုတ်ဖော်ထားတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

အစောပိုင်းတုန်းက ပါကစ္စတန်ဘက်က ပြောကြားရာမှာတော့ အိန္ဒိယ စစ်လေယာဉ်တွေ ကက်ရှ်မီးယား အပစ်ရပ် နယ်စပ်လိုင်းကို ဖြတ်ကျော် ပျံသန်းခဲဲ့တဲ့အတွက် ယင်းတို့ဘက်ကလည်း ဂျက်လေယာဉ်တွေ ချက်ချင်း စေလွှတ်ပျံတက်စေခဲ့ကြောင်း ပြောထားခဲ့တာဖြစ်ပါတယ်။

ယင်း ကိစ္စမှာ စစ်သွေးကြွ အများအပြား သေဆုံးတယ်လို့ အိန္ဒိယဘက်က ပြောခဲ့ပေမယ့် ပါကစ္စတန်တို့ဘက်ကတော့ အသေအပျောက် ဒါမှမဟုတ် ထိခိုက်ပျက်စီးမှု မရှိဘူးလို့ ပြောတဲ့အတွက် နှစ်ဘက် ပြောဆိုချက်တွေမှာ ကွဲလွဲနေလျက် ရှိပါတယ်။

မည်သို့ပင်ဖြစ်စေကာမူ ယခုဖြစ်စဉ်နဲ့အတူ လက်ရှိ နှစ်နိုင်ငံအကြား တင်းမာမှုတွေကတော့ ဆက်လက် မြင့်တက်နေလျက် ရှိပါတယ်။

အဆိုပါ နျူကလီးယားလက်နက်တပ် အိမ်နီးချင်းနိုင်ငံအကြား ရန်လိုမှုတွေကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက် ကက်ရှ်မီးယား အသေခံဗုံးခွဲတိုက်ခိုက်မှုနောက်ပိုင်း သိသိသာသာ ပိုမို ရေချိန်မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly