ဖေဖောဝါရီလ ၂၃ ။ ။ မြန်မာ့လက်ရွေးစင်အသင်းကြီး၏ နည်းပြရာထူးလျှောက်ထားသူများထဲမှာ မြန်မာအသင်း နှင့် ကိုက်ညီမှု ရှိသည့် နည်းပြဆရာ ၄ ဦးရှိနေကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော် က ပြောကြားခဲ့သည်။
" ပထမအင်တာဗျုးကို ဖေဖော်ဝါရီလ အတွင်းမှာပြုလုပ်ခဲ့ပါတယ်။ အဆင်ပြေတဲ့နည်းပြရှိသလို အဆင်မပြေတဲ့ နည်းပြရှိပါတယ်။ထပ်ပြီးတော့ ကြည့်ချင်ပါသေးတယ်။ ထပ်ပြီးလျှောက်လာတဲ့နည်းပြဆရာတွေ ရှိသေးတယ်။ ပထမ အင်တာဗျုးကို နည်းစနစ်ဒါရိုက်တာ ဦးဆောင်ပြီးတော့ ကျွန်တော်တို့လုပ်နေပါတယ်။အခုသူက ကမ္ဘော ဒီယားမှာပဲ သူရဲ့ အွန်လိုင်းအင်တာဗျူး လုပ်နေပါတယ်။နည်းစနစ်ဒါရိုက်တာရယ် ဦးတင်မြအောင်နဲ့ လာ လျှောက်တဲ့ နည်းပြဆရာတွေကို အင်တာဗျုူးနေပါတယ်။လောလောဆယ် သူသဘောကျတဲ့ နည်းပြဆရာ ၄ ဦးလောက် ရှိနေပါတယ်။ဒီနေရာမှ ကျွန်တော်တို့သတိထားရမှာက မလောဖို့လိုပါတယ်။ အမှားမခံပါဘူး။ ကျွန်တော်တို့မှားသွားရင်လည်း အကုန်လုံးအဆင်မပြေဖြစ်ပါတယ်။ အချိန်လည်းယူနေပါတယ်။ သေချာလည်း စီစဉ်နေပါတယ်။လာမယ့်မတ်လ လက်ရွေးစင်အသင်းကြီးခြေစမ်းပွဲအမှီ ခန့်နိုင်အောင်ကြိုးစားနေပါတယ် " ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော် ကပြောသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ နည်းစနစ်ဒါရိုက်တာ အဲရစ်အာဗာရန်က လာရောက်လျှောက်ထားသူများထဲမှ မြန်မာအသင်းနှင့် ကိုက်ညီမည့်နည်းပြဆရာ ၄ ဦးကို ကနဦးရွေးချယ်ထားပြီး ယင်းတို့ကို အွန်လိုင်းမှအင်တာဗျုး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
"လာလျှောက်တဲ့ နည်းပြဆရာတွေရဲ့ကိုယ့်ရေးအချက်အလက်အကုန်လုံးတော့မသိပါဘူး။ နည်းစနစ်ဒါရိုက်တာ အင်တာဗျူးတဲ့အချိန် ဘေးကဝင်ထိုင်ပေးတာပဲရှိပါတယ်။ ဘယ်နိုင်ငံသားလဲ ဘယ်သူလဲဆိုတာ ကျွန်တော် သေချာမသိပါဘူး " ဟု ဦးဘုန်းနိုင်ဇော်က ဆက်ပြောသည်။
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် ၂၀၁၈ ဆူဇူကီးဖလားပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခွာ ခဲ့ရပြီးနောက် အသင်း၏ နည်းပြဖြစ်သော ဂျာမနီနိုင်ငံသား အန်တွမ်နီဟေးနှင့် ဘောလုံးအဖွဲ့ချုပ်တို့ လမ်းခွဲခဲ့သည်။
နည်းပြဟောင်း အန်တွမ်နီဟေး လက်ထက်တွင် မြန်မာအသင်းသည် ၂ ပွဲအနိုင်ရပြီး၊ ၁ ပွဲ သရေ နဲ့ ၅ ပွဲရှုံးရလဒ်များ ထွက်ပေါ်ထားသည်။