ပယ်မဲ မဖြစ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မဲဆန္ဒရှင်များသို့ မဲပေးနည်း သရုပ်ပြ သင်ကြား

ပယ်မဲ မဖြစ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မဲဆန္ဒရှင်များသို့ မဲပေးနည်း သရုပ်ပြ သင်ကြား

ရန်ကုန်၊ အောက်တိုဘာ ၁။        ။ နိုဝင်ဘာရွေးကောက်ပွဲသည် အလွန်အရေးကြီးသည့် ရွေးကောက်ပွဲဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဆိုလိုက်ပြီး ပယ်မဲမဖြစ်ရန် ရုပ်သံဖြင့် သရုပ်ပြကာ မဲဆန္ဒရှင်များသို့ တိုက်တွန်းသင်ကြားလိုက်သည်။

Aung San Suu Kyi အင်တာနက် လူမှုကွက်ယက်မှတစ်ဆင့် ရုပ်သံဖိုင် လွှင့်တင်ကာ သူက သရုပ်ပြ သင်ကြားပေးခဲ့ခြင်းဖြစ်သည်။ "တံဆိပ်တုံး နှိပ်တဲ့အခါမှာ သေသေချာချာ လုပ်ဖို့ အရေးကြီးပါတယ်၊ တကယ်တော့ မခက်ပါဘူး နည်းသိရင်လွယ်ပါတယ်၊ တံဆိပ်တုံးကို ဒီလိုကိုင်ပါ၊ အပေါ်ကနေပြီးတော့ စိတ်ပါ လက်ပါ နှိပ်လိုက်တာ ဒါမှမဟုတ် စိတ်လှုပ်ရှားပြီးတော့ လက်တွေတုန်နေရင် နေရာလွဲပြီးတော့ ပယ်မဲ ဖြစ်သွားနိုင်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က သတိပေးသည်။

တံဆိပ်တုံးနှိပ်နည်းကို ရုပ်သံဖိုင်တွင် ကိုယ်တိုင် နှိပ်ပြလျက် "တံဆိပ်တုံး နှိပ်ဖို့ရာ လွယ်လွယ်လေးနည်းရှိပါတယ် ကိုယ်နှိပ်မယ့်အကွက် ကိုယ်နှိပ်မယ့် အကွက်ဆိုတာ ကြယ်ဖြူကြီးနဲ့ ခွပ်ဒေါင်း တံဆိပါတဲ့ အကွက်ပေါ့နော်။ အဲဒီအကွက်ကို တံဆိပ်တုံး ချလိုက်ပြီးတော့ နှိပ်ချလိုက်ပါ အဲ့လိုဆိုရင် ဘာမှ လွဲစရာ အကြောင်း မရှိပါဘူး။ လွယ်လည်း လွယ်ပါတယ်။ နှစ်ခါ ပြန်မလုပ်နဲ့နော် နှစ်ခါဆိုရင် ပယ်မဲ ဖြစ်သွားမယ်။ နေရာ မှားသွားလို့ နောက်တစ်ခါ ပြန်နှိပ်ရင်လည်း မရပါပါဘူး။ မဲစာရွက် နောက်တစ်ခု ပြန်တောင်းရပါမယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က သင်ကြားပေးထားသည်။

ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် အချို့ မဲဆန္ဒနယ်များတွင် တိုင်းရင်းသား ကိုယ်စားလှယ်များကိုပါ ရွေးချယ်ရမည်ဖြစ်ခြင်းကြောင့် လေ့လာထားရန်လည်း သူက တိုက်တွန်းထားသည်။ "မဲရုံတစ်ရုံထဲမှာ မဲပေးမယ့်သူတစ်ယောက်က ကိုယ်စားလှယ်လောင်း တစ်ယောက်ထက်မက ရွေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် နာမည်တွေနဲ့ ပတ်သက်ပြီးတော့ စိတ်ရှုတ်စရာတွေ မဖြစ်စေချင်ပါဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နိုင်ငံတစ်နိုင်ငံ ပြောင်းလဲရန် အစိုးရ ပြောင်းလဲဖို့လိုသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုပြီး အမှားအယွင်း မဖြစ်ရန် တိုက်တွန်းထားကာ " အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အလံကို မဲပေးပါ။ တစ်ဦးချင်း ကိုယ်စားလှယ်တွေရဲ့ နာမည်တွေ မျက်နှာတွေကို အဓိက မထားပါနဲ့လို့ ကျမ မေတ္တာရပ်ခံပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required