မြန်မာအရပ်ဘက်အဖွဲ့အစည်း၊ မီဒီယာနှင့်လူမှုအသိုက်အဝန်းများအတွက် ဒေါ်လာ ၇၂ သန်း ကူညီထောက်ပံ့မည်

မြန်မာအရပ်ဘက်အဖွဲ့အစည်း၊ မီဒီယာနှင့်လူမှုအသိုက်အဝန်းများအတွက် ဒေါ်လာ ၇၂ သန်း ကူညီထောက်ပံ့မည်
ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်ဒုက္ခသည်များအား တွေ့မြင်ရစဉ်။ ဓာတ်ပုံ - အေးချမ်းခိုင်

ဇန်နဝါရီ ၃၁ ။           ။ မြန်မာနိုင်ငံရှိ အရပ်ဘက်အဖွဲ့အစည်း၊ မီဒီယာနှင့် ဒေသခံလူမှုအသိုက်အဝန်းများ ပိုမိုအားကောင်းလာစေရေး အတွက်  ငါးနှစ်တာအတွင်း ဒေါ်လာ ၇၂ သန်းကို USAID မှ ကူညီထောက်ပံ့ပေးသွားမည်ဟု အမေရိကန်သံရုံး မှ ထုတ်ပြန်သည်။

စီမံကိန်း အသစ်နှစ်ခုအတွက် ကန်ဒေါ်လာ ၇၂ သန်းနီးပါး (မြန်မာငွေကျပ် ၁၀၈ ဘီလီယံ) ကို အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှ ကူညီထောက်ပံ့သွားမည် ဖြစ်ပြီး အရပ်ဘက်အဖွဲ့အစည်းများနှင့် မီဒီယာများအပြင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ လူမှုအသိုက်အဝန်းများ အတွက် သဘာဝဘေးနှင့်ပဋိပက္ခဘေးဒဏ်တို့မှ ပြန်ထူထောင်နိုင်ရေး၊  ငြိမ်းချမ်းရေးနှင့်စီးပွားရေးဖွံ့ဖြိုးမှုကို ဖော်ဆောင်နိုင်ရေးတို့ အတွက် ဖြစ်သည်ဟု သိရသည်။

“ဒီစီမံကိန်းတွေဟာ ပိုမိုပွင့်လင်းပြီး သည်းခံမှုရှိကြတဲ့ လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်နဲ့အတူ ရေရှည်တည်တံ့ မယ့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နေတဲ့ မြန်မာပြည်သူလူထုအတွက် အမေရိကန်အစိုးရက အားပေးကူညီဖို့ ချမှတ်ထားတဲ့သန္နိဋ္ဌာန်ကို ထင်ဟပ်ပါတယ်” ဟု အမေရိကန်သံအမတ်ကြီး မာစီရယ်က ပြောသည်။

ယင်းစီမံကိန်းနှစ်ခုအနက် အရပ်ဘက်အဖွဲ့အစည်းများနှင့် လွတ်လပ်၍အမှီအခိုကင်းသော ပြည်တွင်းမီဒီယာများ အတွက် ငါးနှစ်တာအတွင်း ဒေါ်လာ ၂၅ သန်းအထိ အကူအညီပေးမည်ဖြစ်သည်။

အရည်အသွေးမြင့်မားသော သတင်းအချက်အလက်များ ပြည်သူလူထု ပိုမိုရရှိနိုင်ရေးနှင့် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး၊ ငြိမ်းချမ်းရေးတည်ဆောက်ရေးနှင့် လူမှုအသိုက်အဝန်းအချင်းချင်း သဟဇာတရှိရေးတို့အတွက် ရည်ရွယ်သည်ဟု သိရသည်။

လူမှုအသိုက်အဝန်းခိုင်မာအားကောင်းစေရေး စီမံကိန်း အတွက် ဒေါ်လာ ၄၆.၄ သန်းအသုံးပြုကာ ပဋိပက္ခ ဘေးဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ ပြည်သူများအတွက် အသုံးပြုသွားမည် ဖြစ်သည်။

ဒေသခံများကိုယ်တိုင် ပါဝင်သော ရပ်ရွာလူထုဖွံ့ဖြိုးရေးစီမံကိန်းများဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေးနှင့် ပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်သည်။

“ကျွန်မတို့ရဲ့ရည်မှန်းချက်က မြန်မာနိုင်ငံရဲ့ ရပ်ရွာလူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ အရပ်ဘက် အဖွဲ့အစည်း တွေ ပိုမိုအားကောင်းလာစေဖို့ ဖြစ်ပါတယ်။ ဒါမှလည်း နိုင်ငံရဲ့ဒီမိုကရေစနစ်နဲ့ စီးပွားရေးဖွံ့ဖြိုးမှုလုပ်ငန်းတွေမှာ နောက်ထပ်ပြည်သူများစွာ ဒီထက်ပိုပြီး ပါဝင်နိုင်ဖို့ အခွင့်အလမ်းတွေ ရကြမှာဖြစ်ပါတယ်” ဟု အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ၏ ဌာနေညွှန်ကြားရေးမှူး ထရီဆာမက်ဂီ က ပြောသည်။

 ထို့ပြင် အငြင်းပွားမှုနှင့်ပဋိပက္ခကိုင်တွယ်ဖြေရှင်းရေး တို့အတွက် လူထုအခြေပြုအဖွဲ့အစည်း ခေါင်းဆောင်များကို သင်တန်းများပေးမည်ဖြစ်ပြီး လူထုအခြေပြုအဖွဲ့အစည်းခေါင်းဆောင်များနှင့် ဒေသန္တရအစိုးရတို့အကြား ပိုမို၍ ထဲထဲဝင်ဝင် ထိတွေ့ဆောင်ရွက်နိုင်စေရေးအတွက် အားပေးကူညီသွားမည်ဟု ဖော်ပြထားသည်။

 အဆိုပါ စီမံကိန်းတွင် မတူကွဲပြားသော ဘာသာမျိုးစုံ သို့မဟုတ် တိုင်းရင်းသားနောက်ခံမျိုးစုံမှ လူပုဂ္ဂိုလ်များ အတွက် ပူးပေါင်း စီမံကိန်းများနှင့် စွမ်းရည်မြှင့်တင်ရေးသင်တန်းများ ပေးရေးတို့လည်း ပါဝင်နေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly