ဇန်နဝါရီ ၃၀ ။ ။ လက်ရှိကာလမှာ နိုင်ငံရေး အကျပ်အတည်းပေါ်ပေါက်ပြီး မတည်မငြိမ်ဖြစ်နေတဲ့ ဗင်နီဇွဲလားနိုင်ငံကို မိမိတို့ နိုင်ငံသားတွေ ခရီးသွားလာခြင်း ရှောင်ကြဉ်ကြဖို့ အမေရိကန်အစိုးရက ဇန်နဝါရီ ၂၉ ရက်မှာ သတိပေးချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။
လက်ရှိအခြေအနေအရ ဗင်နီဇွဲလားနိုင်ငံမှာ အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထား တိုက်ခိုက်လာနိုင်တဲ့ အလားအလာတွေ မြင်တွေ့နေရတာကြောင့် ခုလိုမျိုး အမေရိကန်အာဏာပိုင်တို့က ယင်းရဲ့ နိုင်ငံသားတွေကို ခရီးသွားလာမှု သတိပေးချက် ထုတ်လိုက်တာ ဖြစ်ပါတယ်။
ယင်းမတိုင်ခင်တုန်းမှ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို အစိုးရအပေါ် စီးပွားရေး အရေးယူ ပိတ်ဆို့မှု အသစ်တွေ ၀ါရှင်တန် အစိုးရက ကြေညာထားခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မာဒူရိုအစိုးရကို အသိအမှတ်မပြုဘဲ အတိုက်အခံ ခေါင်းဆောင် ဟွမ် ဂွါဒိုကိုသာ ဗင်နီဇွဲလားကြားဖြတ်သမ္မတအဖြစ် အသိအမှတ်ပြုကြောင်း အမေရိကန်က ထုတ်ပြန်ထားပြီးကတည်းက အခြေအနေတွေ တင်းမာနေခဲ့တာ ဖြစ်ပါတယ်။
ယမန်နေ့တုန်းကလည်း အမေရိကန်တို့အနေနဲ့ ဗင်နီဇွဲလားအစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းနေတယ်ဆိုပြီး ရုရှားအစိုးရက ထုတ်ပြန်စွပ်စွဲခဲ့ပါသေးတယ်။