ပေ ၂၀၀ ခန့်အမြင့်ရှိ တောနော်ရေတံခွန်ပေါ်မှ ပြုတ်ကျ၍ အမျိုးသမီး ၂ ဦး သေဆုံး

ပေ ၂၀၀ ခန့်အမြင့်ရှိ တောနော်ရေတံခွန်ပေါ်မှ ပြုတ်ကျ၍ အမျိုးသမီး ၂ ဦး သေဆုံး
ဓာတ်ပုံ-ပြည့်ဖြိုးနောင်(ကော့ကရိတ်)

ဇန်နဝါရီ ၂၈ ။             ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာ၊ ပေ ၂၀၀ ခန့်အမြင့်ရှိ တောနော်ရေတံခွန်၌ ဇန်နဝါရီလ ၂၇ ရက်နေ့ မနက် ၁၁ နာရီခန့်က အမျိုးသမီး ၂ ဦး တက်ရောက်ဓာတ်ပုံရိုက်ကူးစဉ် ပြုတ်ကျခဲ့ရာ သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မစုမြတ်ဝေ(၁၉)နှစ်နှင့် မမျိုးနန္ဒကျော်(၁၉)နှစ်တို့ ၂ ဦးသည် သူငယ်ချင်း ၉ ဦးနှင့်အတူ တောနော်ရေတံခွန်အပေါ်သို့ တက်ရောက်ဓာတ်ပုံရိုက်ကူးစဉ် မစုမြတ်ဝေနှင့် မမျိုးနန္ဒကျော်တို့မှာ အမြင့် ၂၀၀ ပေခန့်ရှိ ရေတံခွန်အောက်ခြေကန်ထဲသို့ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။

မစုမြတ်ဝေတွင် ယာချိုစောင်း/ နဖူး ပေါက်ပြဲဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့၍ ကော့ကရိတ် ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ခဲ့ပြီး မမျိုးနန္ဒကျော်တွင် မေးရိုးကျိုး၊ နောက်စေ့ကြေဒဏ်ရာများ ရရှိခဲ့သဖြင့် မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသစဉ် သေဆုံးသွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

မစုမြတ်ဝေနှင့်မမျိုးနန္ဒကျော် သေဆုံးမှုအား ကော့ကရိတ် မြို့မရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၉)၊ (၂/၂၀၁၉)တို့ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိသည်။

အဆိုပါ ရေတံခွန်မှာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်က စတင်ဖွင့်လှစ်ထားခြင်းဖြစ်ပြီး အဆင့်များစွာ ပါရှိသော သဘာဝရေတံခွန်အမျိုးအစား ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly