လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ မြန်မာနိုင်ငံသို့ ရောက်ရှိလာ

လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ မြန်မာနိုင်ငံသို့ ရောက်ရှိလာ
ဓာတ်ပုံ-MOI

ဇန်နဝါရီ ၂၈ ။           ။ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ  ဖိလစ်ပိုင် ဒု နိုင်ငံခြားရေး ဝန်ကြီးဟောင်း ၊ ကုလသမဂ္ဂ CEDAW ကော်မတီ၏ ဥက္ကဋ္ဌဟောင်းနှင့် လက်ရှိ အဖွဲ့ဝင်ဖြစ်သူ သံအမတ်ကြီး ရိုဆာရီယိုမယ်နာလိုသည် ဇန်နဝါရီလ ၂၇ ရက်နေ့၊ ညနေ ၅ နာရီခန့်က မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။

အလားတူ ကော်မရှင် အဖွဲ့ဝင်ဖြစ်သူ လူသားချင်းစာနာ ထောက်ထားမှု ကိစ္စရပ် များဆိုင်ရာ ကုလသမဂ္ဂဒုတိယအတွင်းရေးမှူးချုပ်နှင့် အရေးပေါ် ကယ်ဆယ်ရေးညှိနှိုင်းရေးမှူးဟောင်း ကုလသမဂ္ဂဆိုင်ရာ ဂျပန်အမြဲတမ်း ကိုယ်စားလှယ်ဟောင်း သံအမတ်ကြီး ကင်ဇိုအိုရှီးမားသည်လည်း ဇန်နဝါရီ ၂၈ ရက်၊ ညနေ ၄ နာရီခွဲတွင် လေကြောင်း ခရီးဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်သည်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်က ဖွဲ့စည်းခဲ့တဲ့ အဆိုပါကော်မရှင်သည် ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးများ ချိုးဖောက်မှု ရှိ၊ မရှိ စုံစမ်းရှာဖွေရန် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့နှင့် နောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်များနှင့်သက်ဆိုင်သော အချက်အလက်များကို ရှာဖွေနေခြင်း ဖြစ်သည်။

ဖြစ်စဉ်များနှင့်စပ်ဆိုင်သော သက်သေခံချက်များ၊မှတ်တမ်းဓာတ်ပုံ၊အထောက်အထား၊အသံဖိုင်၊ရုပ်မြင်သံကြားဖိုင်အစရှိသည့်သက်သေခံချက်များကို ပြစ်မှုကျူးလွန်ခံရသူများ၊ သက်သေများ၊အုပ်စုအဖွဲ့အစည်းများနှင့် တစ်ဦးချင်းပုဂ္ဂိုလ်များက တင်သွင်းပေးကြရန် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်က ဖိတ်ခေါ်ထားသည်။

တိုင်ကြားစာများကို မြန်မာ၊အင်္ဂလိပ်၊ရခိုင်၊ဘင်္ဂလီ စာတစ်မျိုးမျိုးဖြင့် ရေးသားဖော်ပြပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံးထားပေးပို့ခိုင်းထားခြင်း ဖြစ်သည်။

အဆိုပါကိစ္စရပ်များ ရှိပါက လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ရုံး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန၊ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ပုဗ္ဗသီရိမြို့နယ်၊နေပြည်တော်၊ အီးမေးလ်[email protected] ၊ ဖုန်းနံပတ်-၀၉ ၈၉၇၆၆၃၁၈၉၊ ဖက်စ်-၀၆၇၈၁၀၃၀၀၃ သို့ ဆက်သွယ်တိုင်ကြားနိုင်သည်ဟု ထုတ်ပြန်ထားသည်။

ကော်မရှင်ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း ရိုဆာရီယိုမယ်နာလို၊ လူသားချင်းစာနာထောက်ထားမှုကိစ္စရပ်များဆိုင်ရာ ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ် သံအမတ်ကြီး ကင်ဇိုအိုရှီးမား ၊ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ဥက္ကဌဟောင်း ဦးမြသိန်းနှင့် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် တို့ကို အဖွဲ့ဝင်များအဖြစ် ပါဝင်သည်။

ကော်မရှင်ဥက္ကဋ္ဌသည် ယမန်နှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်း၊  မောင်တောဒေသသို့သွားရောက်ထားပြီး ဒေသခံများအား တွေ့ဆုံခဲ့သေးသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly