မဘသနှင့် မိမိတို့ မပတ်သက် NLD သာ မဲပေးကြဟု အမရပူရ မဟာဂန္ဓာရုံ ဆရာတော် ဦးသူရိယ ကြေညာ

မဘသနှင့် မိမိတို့ မပတ်သက် NLD သာ မဲပေးကြဟု အမရပူရ မဟာဂန္ဓာရုံ ဆရာတော် ဦးသူရိယ ကြေညာ

ရန်ကုန်၊ အောက်တိုဘာ ၁။          ။ သံဃာအချို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲမပေးရန် စေ့ဆော်နေချိန်တွင် ထိုသို့သော စည်းရုံးမှုများကို အပြင်းအထန် ကန့်ကွက်သည်ဟု မန္တလေးတိုင်း အမရပူရမြို့ မဟာဂန္ဓာရုံ ကျောင်းတိုက်ဆရာတော် ဦးသူရိယက အောက်တိုဘာ ၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

ကြေညာချက်တွင် “ဘာသာရေးကို နိုင်ငံရေးတွင် အသုံးချကာ အမျိုးမျိုးသော ဟောပြောစည်းရုံးမှု၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအား ပုတ်ခတ်မှုများကိုလည်း မလုပ်ထိုက်သော အလုပ်ဖြစ်၍ မိမိအနေဖြင့် အပြင်းအထန် (အပြင်းအထန်) ကန့်ကွက် ရှုတ်ချပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

သံဃာအပါး ၁၂၀၀ ကျော် သီတင်းသုံး ပညာသင်ကြားနေသည့် အဆိုပါ စာသင်တိုက်သည် မဘသ အလုပ်များကို ဆောင်ရွက်နေသည့် ကျောင်းတိုက်မဟုတ်ဟု ဆိုထားပြီး မဘသ ကိုလည်း ကိုယ်စားမပြုကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

သိရိပဝရဓမ္မာစရိယ၊ ပါဌိပါရဂူဘွဲ့ရ ဆရာတော် ဦးသူရိယက အမျိုးဘာသာ သာသနာ အသံကောင်းဟစ်၍ ဟောပြောစည်းရုံးနေမှုများကို ပြောတိုင်းမယုံ လက်မခံကြရန် ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

“မိမိတို့၏ ကိုယ်ပိုင် အသိဉာဏ်ကိုအသုံးချကာ မိမိလူမျိုးနှင့် မိမိတိုင်းပြည်အတွက် အမှန်တစ်ကယ် အကျိုးပြု ပြောင်းလဲပေးနိုင်မည့် NLD ပါတီကိုသာ ယုံကြည်စိတ်ချစွာ ရွေးချယ်ကြဖို့ မိမိ အလေးအနက် တိုက်တွန်းလိုပါသည်” ဟုလည်း ဦးသူရိယ၏ထုတ်ပြန်ချက်တွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly