တရားသူကြီးများပါ ကျမ်းသစ္စာကျိန်ဆိုရေးအဆိုကို အမျိုးသားလွှတ်တော်တွင် လက်ခံဆွေးနွေးရန် အတည်ပြု

တရားသူကြီးများပါ ကျမ်းသစ္စာကျိန်ဆိုရေးအဆိုကို အမျိုးသားလွှတ်တော်တွင် လက်ခံဆွေးနွေးရန် အတည်ပြု

နေပြည်တော်၊ ဇန်နဝါရီ ၂၃ ။            ။ မြန်မာနိုင်တစ်နိုင်ငံလုံးရှိ တရားသူကြီးများကိုပါ ကျမ်းသစ္စာကျိန်ဆိုရေးအဆိုကို ယနေ့ ဇန်နဝါရီလ ၂၃ ရက်တွင် အမျိုးသားလွှတ်တော်၌ တင်သွင်းခဲ့ပြီး လက်ခံဆွေးနွေးရန် အတည်ပြုခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးမဲ ဆန္ဒနယ်အမှတ်(၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုး တင်သွင်းခဲ့သည့် “ပြည်သူများ၊ ယုံကြည်ကိုးစားအားထားပြီး ဖြောင့်မတ်မှန်ကန်မျှတသည့် တရားစီရင်ရေး ဖြစ်ထွန်းစေရန် တရားသူကြီး ၊အမှုသည်နှင့် သက်သေများ ၊ တရားခွင်တွင် ကျမ်းသစ္စာကို တိကျလေးနက်စွာ ကျိန်ဆိုရေး အဆို” ကို တင်သွင်းခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၄င်းအဆိုကို မန္တလေးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၇)မှဦးကျော်တုတ်က ထောက်ခံခဲ့ပြီး၊ “လက်ခံဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ ဆန္ဒရယူရာတွင် ကန့်ကွက်မည့်သူ မရှိဘဲ လက်ခံဆွေးနွေးရန် ဆုံးဖြတ်ခဲ့ပြီး ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များအနေဖြင့် ယနေ့ အစည်းအဝေးအပြီးတွင် အမျိုးသား လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းရန် ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 “လက်ရှိအခြေအနေတွင် တရားခွင်တွင် အမှုသည်များနှင့် သက်သေများကိုသာ ကျမ်းကျိန်ခိုင်းပြီး အမှုတစ်ခု ကို အဆုံးအဖြတ်ပြုမည့် တရားသူကြီးများဟာ တရားခွင်မှာ တရားစီရင်တဲ့အခါ ကျမ်းသစ္စာကျိန်ဆိုခြင်း၊ ကတိသစ္စာ ပြုခြင်း မရှိတဲ့့အတွက် ၄င်းတို့၏ စီရင်ဆုံးဖြတ်မှုများနှင့် ပတ်သက်ပြီး ယုံမှားသံသယများ ရှိလာကြ သည့်အတွက် ယုံကြည်အားကိုးမှု လျော့နည်းလာခြင်းများဖြစ်ပါတယ်”ဟု ဦးစိုးမိုးက အစည်းအဝေးတွင်း ထည့်သွင်းပြောဆိုခဲ့သည်။

ကျမ်းသစ္စာဥပဒေပုဒ်မ(၆)အရ ကျမ်းသစ္စာကျိန်ဆိုခြင်း မပြုရသော ဘာသာဝင်သူနှင့် မဟာမေဒင်ဘာသာဝင်သူ သက်သေများ၊ ဂျူရီလူကြီးများ( သို့) စကားပြန်များမှ အပ ကျန်ဘာသာဝင်တရားသူကြီးများ ၊ အမှုသည်များ ၊ သက်သေများအားလုံးတို့သည် နေ့စဉ်တရားခွင်တက်ရန် စတင်ဆောင်ရွက်သည့်အခါများ( သို့) အမှုတစ်ခု စတင်စစ်ဆေးသည့် အချိန်များတွင် ကျမ်းသစ္စာ ကျိန်ဆိုရန် လိုအပ်ပါသည််ဟု ဧရာဝတီတိုင်းဒေသကြီးမဲ ဆန္ဒနယ်အမှတ်(၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုး က ဆက်လက်ပြောခဲ့သည်။

ထို့အပြင် တရားသူကြီးများအနေဖြင့် တရားခွင်တက်တိုင်း၊ အမှုစစ်ဆေးတိုင်း ကျမ်းသစ္စာ ကျိန်ဆိုရန် မလိုအပ် သော်လည်း နေ့စဉ်တရားခွင်တက်ရန် စတင်ဆောင်ရွက်သည့်အချိန်(သို့) အမှုတစ်ခုကို စတင်စစ်ဆေးချိန်တွင် ကျမ်းသစ္စာကို ကျိန်ဆိုရန်လိုအပ်ပြီး၊ ထိုသို့ကျိန်ဆိုရန်ကိုလည်းတရားရုံးလက်စွဲတွင် ထည့်သွင်းညွှန်ကြား ပေးရန် လိုအပ်သည်ဟု ၄င်းကထောက်ပြပြောဆိုခဲ့သည်။

“သို့မှသာ မှန်ကန်မျှတဖြောင့်မတ်သည့် တရားစီရင်ရေးဖြစ်ရန် အထိန်းအကွပ်ပြုသလို ဖြစ်မှာ ဖြစ်တဲ့အပြင် တရားစီရင်ရာတွင် အမှန်ကို ဆုံးဖြတ်ရုံသာမကဘဲ ထိုသို့ အမှန်တရားကို စီရင်ကြောင်း အများမြင်စေရမည် ဟူသော လမ်းညွှန်စီရင်ထုံးနှင့်လည်း ကိုက်ညီမည်ဖြစ်ပါသည်”ဟု ၄င်းကအစည်းအဝေးတွင် ပြောဆိုခဲ့သည်။

မည်သည့်ဘာသာဝင်ဖြစ်စေ ဂျူရီလူကြီး၊ သက်သေ(သို့မဟုတ်) စကားပြန်တစ်ဦးတစ်ယောက်သည် ကျန်းသစ္စာ ကျိန်ဆိုခြင်း မပြုလိုဟု ငြင်းဆန်နိုင်ပြီး ၄င်းကဲ့သို့ ငြင်းဆန်သူသည် ကတိသစ္စာကို ဆိုစေရမည်ဟု သိရသည်။

“၄င်းအခွင့်အရေးများကို ယူပြီး များသောအားဖြင့် အစိုးရဝန်ထမ်းနှင့် ရဲအရာရှိသက်သေများဟာ ကျမ်းသစ္စာ ကျိန်ဆိုခြင်း မပြုဘဲ ကတိသစ္စာ ပြုနေကြတာတွေ့ရှိရပါတယ်။ ကတိသစ္စာ ပြုပြီး ထွက်ဆိုချက်များဟာ မှန်ကန်တဲ့ထွက်ဆိုချက်ဖြစ်ပြီး အမှုမှန်ပေါ်ဖို့ လွန်စွာအားနည်းပါတယ်”ဟု ဦးစိုးမိုးက ဆက်လက်ပြောသည်။

ကျိန်ဆိုမြဲကျမ်းသစ္စာတွင် မဟုတ်မှန် ထွက်ချက်ပေးပါက သာသနာတော်စောင့်နတ်၊ လောကပါလနတ်၊ ပြည်စောင့်နတ်၊ မြို့စောင့်နတ်၊ ရွာစောင့်နတ်များ၏ ဘေးရန်သင့်စေကာ သေစေခြင်း၊ ရေလမ်းခရီးသွားသော် ရေနေအပေါင်း၊ မိချောင်း၊ လင်းပိုင်များ၏ ဘေးရန်သင့် သေစေခြင်း၊ ကုန်လမ်းခရီးသွားသော် ကျားသစ်၊ ဆင်ရဲ၊ မြွေပွေး၊ မြွေဟောက်၊ များ၏ ဘေးရန်သင့်သေစေခြင်း၊ သွေးခဲ၊ သွေးနက်ပွက်ပွက်ထွက်ကာ သေစေခြင်း၊ သားမြေးဥစ္စာ ကုန်အောင် မကြွင်းပျက်စီးခြင်း၊ သေဆုံးသော်လည်း ငရဲကြီးရှစ်ထပ်၊ အပယ်လေးပါးသို့ ကျရောက်ခြင်း စသည့် ပြစ်ဒဏ်ဆိုးကျိုးများ ကျခံစေရမည်ဟု ပါရှိပါသည်။

ဟုတ်မှန်သော ထွက်ချက်ပေးပါက နတ်ကောင်းနတ်မြတ် နတ်အပေါင်းတို့မှ ကောင်းသောကြည့်ခြင်းဖြင့် စောင့်ရှောက်ခြင်း၊ ကာယသုခ၊ စိတ္တသုခ၊ ချမ်းသာရရှိခြင်း၊ ကြမ္မာအပေါင်း၊ ဘေးအပေါင်း ပြစ်ဒဏ်များ၊ ရောဂါ အနာမျိုးများ မထိမရောက်မကပ်ခြင်း၊ သားမြေး ဥစ္စာ ရတနာများ တိုးတက်ချမ်းသာရရှိခြင်း၊ သေလွန်သော်လည်း လူ့ပြည်၊ နတ်ပြည်၊ နတ်ရွာ၊ နိဗ္ဗာန် ချမ်းသာသုံးပါးကို ရရှိခြင်း စသည့် ကောင်းကျိုး ချမ်းသာများကို ရရှိစေရမည်ဟု ပါရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required