ရာသီဥတုပူပြင်းမှုကြောင့် သြစတြေးလျတွင် ငါးများ သိန်းနဲ့ချီ သေဆုံး

ရာသီဥတုပူပြင်းမှုကြောင့် သြစတြေးလျတွင် ငါးများ သိန်းနဲ့ချီ သေဆုံး

ဇန်နဝါရီ ၁၄ ။          ။ ရာသီဥတု အပူချိန်ပြင်းထန်လွန်ကဲမှုကြောင့် သြစတြေးလျနိုင်ငံ၊ အရှေ့ဘက်ခြမ်းက မြစ်ချောင်းတစ်လျှောက်မှာ ငါးတွေ သိန်းနဲ့ချီ သေဆုံးနေတယ်လို့ သိရပါတယ်။

မာရေး-ဒါလင်မြစ်ကမ်းပါးမှာ ပေါလောပေါ်နေတဲ့ ငါးအသေတွေကို တွေ့ရှိခဲ့ရပြီးနောက်ပိုင်း ငါးတွေထပ်မံသေဆုံးဖို့ရှိကြောင်း၊ သေဆုံးတဲ့ငါးအရေအတွက်မှာ တစ်သန်းနီးပါးရှိလာနိုင်ကြောင်း သြစတြေးလျအာဏာပိုင်တွေက ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

ဒီတစ်ပတ်အတွင်းမှာ အပူချိန်အရမ်းမြင့်တက်လာတဲ့အတွက် ငါးတွေ ထပ်ပြီးသေဆုံးမှာဖြစ်ကြောင်း New South Wales ပြည်နယ်အစိုးရက သတိပေးထားပါတယ်။

ရေခန်းခြောက်မှုနဲ့ အပူချိန်ပြင်းထန်မှုက ငါးတွေအတွက် လိုအပ်တဲ့ အောက်ဆီဂျင်ကို မပေးစွမ်းနိုင်ဘဲ အဆိပ်အတောက်ဖြစ်စေကာ ယခုလို သေဆုံးစေခဲ့တာဖြစ်ပါတယ်။

“ငါးတွေသေဆုံးရတာက ရေခန်းခြောက်လို့မဟုတ်ဘူး။ ကျွန်တော်တို့က မြစ်ချောင်းထဲကရေတွေကို ထုတ်သုံးတာများနေလို့။”လို့ သြစတြေးလျအမျိုးသားတက္ကသိုလ်ရဲ့ သုတေသနပညာရှင် ဂျွန်ဝီလီယမ်စ်က ပြောပါတယ်။

အစိုးရအနေနဲ့ ငါးတွေ သိန်းနဲ့ချီသေဆုံးရတဲ့ ဖြစ်ရပ်နဲ့ စပ်လျဉ်းပြီး အရေးပေါ်အခြေအနေ ကြေညာသင့်ကြောင်း သြစတြေးလျ အတိုက်အခံခေါင်းဆောင် ဘီလ်ရှော်တန်က ပြောဆိုထားပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required