ဇန်နဝါရီ ၁၂ ။ ။ ယမန်နေ့က ကျူးဘားနိုင်ငံ၊ ဟာဗားနားမြို့မှာ ကားမတော်တဆတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ဘတ်စ်ကားပေါ် စီးနင်းလိုက်ပါလာတဲ့ နိုင်ငံခြားခရီးသွားဧည့်သည် ၄ ဦးအပါအဝင် ၇ ဦးသေဆုံးကာ ၃၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကျူးဘားအာဏာပိုင်တွေက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အဆိုပါဖြစ်စဉ်ကြောင့် ပြင်သစ်အမျိုးသားတစ်ဦး၊ ဂျာမန်အမျိုးသမီးတစ်ဦး၊ အာဂျင်တီးနားအမျိုးသမီးနှစ်ဦးနဲ့ ကျူးဘားအမျိုးသမီးသုံးဦးတို့ သေဆုံးခဲ့ရကြောင်း ဗန်စီရီမော့စ်သတင်းစာက ထုတ်ပြန်ထားပါတယ်။
ဒဏ်ရာရရှိသွားခဲ့တဲ့ ခရီးသည် ၃၃ ဦးထဲမှာ ဟော်လန်၊ အင်္ဂလန်၊ မက္ကဆီကို၊ ကနေဒါလူမျိုး ၂၂ ဦးပါဝင်ကြောင်း သိရှိရပါတယ်။
ခရီးသည် ၄၀ ဦးတင်ဆောင်လာတဲ့ အဆိုပါဘတ်စ်ကားဟာ ဘာရာဂိုအာမြို့ကနေ ဟာဗားနားမြို့သို့ မောင်းနှင်လာရာမှ Guantánamo အကျဉ်းထောင်နားမှာ ယခုလိုတိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။
အဆိုပါဘတ်စ်ကားကို မောင်းနှင်လာတဲ့ ကားသမားကတော့ ၎င်းဟာ ကားကိုဖြည်းဖြည်းမောင်းနေရာမှ လမ်းချော်သွားတဲ့အတွက် ယခုလိုဖြစ်ပွားရကြောင်း ထွက်ဆိုထားပေမယ့် မျက်မြင်သက်သေတွေကတော့ ၎င်းဟာ အခြားကားတစ်စီးကို ကျော်တက်ချင်လို့ ယခုလိုဖြစ်ပွားရတာဖြစ်ကြောင်း ထွက်ဆိုထားပါတယ်။