ဇန်နဝါရီ ၁၂၊ ရန်ကုန် ။ ။ ရုပ်ရှင်သရုပ်ဆောင်များနှင့် နည်းပညာရှင်များကို မြန်မာနိုင်ငံသတင်းစာဆရာများအသင်း(MJA)မှ ဧပြီလ ၅ ရက်နေ့တွင် Star Award ဆုကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဘာလို့ပေးဖြစ်လဲဆိုတော့ Golden Globe ဆိုတဲ့ ကမ္ဘာမှာ ဆု ရှိတယ်လေ။ သတင်းဌာနပေါင်း ၉၃ ဌာနက ပေါင်းပြီးတော့ ကျွန်တော်တို့ ၁၉၄၀ က စပေးခဲ့တယ်။နိုင်ငံတကာမှာပွဲတွေလို ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ချင်တာ” ဟု မြန်မာနိုင်ငံသတင်းစာဆရာအသင်း အထွေထွေအတွင်းရေးမှူး ဦးသာဇော်က မဇ္စျိမကို ပြောသည်။
Star Award ဆုကို ဆုကြေးအနေဖြင့် တစ်ဆုလျှင် ကျပ် သိန်း ၅၀ ချီးမြှင့်သွားမည် ဖြစ်ပြီး ၁၅ ဆု ချီးမြှင့်သွားမှာ ဖြစ်ကြောင်း သိရသည်။
Star Award ဆုနှင့် ပတ်သတ်ပြီး မြန်မာနိုင်ငံသတင်းစာဆရာများအသင်း(MJA)ဥက္ကဋ္ဌ ဦးမြတ်ခိုင်က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်ကို သဘောတူညီပေးရန် စာပေးပို့ခဲ့ပြီး ရုပ်ရှင်အစည်းအရုံးဘက်မှလည်း ကန့်ကွက်ရန် မရှိကြောင်း စာ ပြန်လည်ပေးပို့ခဲ့သည်။
“နိုင်ငံတကာမှာလည်း ဒီလိုဆုတွေ ရှိခဲ့တယ်။ အော်စကာဆုရှိသလို တစ်ခြားသော Golden Globe ဆိုတာရှိတယ်။ တစ်ခြားသောဆုတွေလည်း ရှိတယ်။ ဒီလိုပဲ တရုတ်ပြည်မှာဆိုရင်လည်း ရွှေကြက်ဖဆုအပြင် တစ်ခြားသောဆုတွေ ရှိတယ်။ ဒါအပြင် စာပေမှာဆိုရင်တောင် အမျိုးသားစာပေဆုအပြင် တစ်ခြားသောဆုတွေ ရှိတယ်။ဒီဆုတွေသည် ဘာ့ကြောင့်ပေးကြသလဲ။ စာပေလောက ဖွံ့ဖြိုးတိုးတက်စေလိုတဲ့စေတနာနဲ့ တစ်နိုင်တစ်ပိုင်လုပ်ကြတာဖြစ်တယ်။ရေရှည်တည်တံ့စွာပေးသွားနိုင်တဲ့ဆုတွေရှိသလို တစ်ချို့လည်း တစ်ပိုင်းတစ်စ ရပ်တန့်သွားတာတွေလည်း ရှိတယ်။ဆုတွေတွေရဲ့ စံချိန်စံညွှန်းကတော့ ပေးတဲ့အဖွဲ့အစည်းနဲ့ ပေးတဲ့ပုဂ္ဂိုလ်များ ဆုံးဖြတ်လိုက်တဲ့ စံချိန်စံညွှန်းပေါ်မူတည်တယ်”ဟု ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောသည်။
အဆိုပါ ၁၅ ဆုထဲတွင် ပရိသတ်ရွေးချယ် Vote ပေးသည့် Popular Award ဆု ပါဝင်မည် ဖြစ်ပြီး ကျန်ဆုများကို သတင်းစာဆရာအသင်းဆုရွေးချယ်ရေးကော်မတီမှ ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ဆုရွေးချယ်ရေးကော်မတီမှာ ဖွဲ့ထားတဲ့ အဖွဲ့ဝင်တွေအားလုံးက အနုပညာသတင်းနဲ့ ဆက်နွယ်ခဲ့တဲ့ ၊ အနုပညာနဲ့ ပတ်သတ်ပြီးတော့ မီဒီယာတွေမှာလည်း အနုပညာနဲ့ ပတ်သတ်တဲ့ သတင်းတွေလုပ်ခဲ့တဲ့ ဆရာတွေပေါ့နော်။အနည်းဆုံး ၁၅ နှစ်၊ နှစ်၂၀ သက်တမ်းရှိတဲ့ လူတွေ အားလုံးစုပေါင်းပြီးတော့ ကျွန်တော်တို့ အကဲဖြတ်ကြတာပါ” ဟု မြန်မာနိုင်ငံသတင်းစာဆရာအသင်း အထွေထွေအတွင်းရေးမှူး ဦးသာဇော်က ပြောသည်။
အကယ်ဒမီဆုနှင့် မတူသောအချက်မှာ ဆုချီးမြှင့်ရန်ရွေးချယ်ထားသောဇာတ်ကားများထဲမှ ကာယကံရှင်၊ ထုတ်ဝေသူ၊ဒါရိုက်တာများ၏ ခွင့်ပြုချက် မရရှိသည့် ဇာတ်ကားများကို ဆုချီးမြှင့်ရာတွင် မပါဝင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံသတင်းစာဆရာအသင်းမှ သိရသည်။